Pages

Showing posts with label အာဇာနည်နေ့. Show all posts
Showing posts with label အာဇာနည်နေ့. Show all posts

Sunday, July 22, 2007

၁၉ ဂျူလိုင် မမေ့နိုင်

အာဇာနည်နေ့အတွက် ၀မ်းနည်းခြင်း အထိန်းအမှတ်ပို့စ်ကို ဘယ်ကစလို့ ရေးရမှန်းတောင် မသိတော့ဘူး။ ကျမတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် လွတ်လပ်တဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် အသက်၊ သွေး၊ ချွေး တို့နဲ့ စတေးပြီး ကြိုးစား ရယူပေးခဲ့တဲ့ အထင်ကရ လူပုဂ္ဂိုလ် ၉ ဦးပေါ့။ တကယ်ကို တန်ဖိုးထား လေးစား ထိုက်ပါတယ်။

ဒီပို့စ်ရေးဖို့ကို စကားလုံး တစ်လုံး ထွက်လာဖို့ စဉ်းစားလိုက်တိုင်း မျက်ရည်ဝဲရပါတယ်။
*****
ကျမ သိတတ်စ အရွယ်တုန်းကပေါ့ ဂျူလိုင် ၁၈ရက်နေ့ ညမှာ မြန်မာ့အသံ ထိုင်ကြည့်နေရင်း
“ရပ်ကွက်တွင်းမှာ နေထိုင်ကြတဲ့ လုပ်သားပြည်သူများ ခင်ဗျားးး မနက်ဖြန် ဂျူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ မိမိတို့ရဲ့ နေအိမ်အသီးသီးတွင် နိုင်ငံတော်အလံများကို တိုင်ဝက်လွှင့်ထူခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်” နှိုးဆော်သံ အဆုံးမှာပဲ တစ်ဆက်တည်း လွင့်ပျံလာတဲ့
“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဆိုတဲ့ သီချင်းသံကို ကြားလိုက်ရရင်ပဲ နုနယ်လှတဲ့ ကျမရဲ့ ရင်ထဲ လှိုက်ခနဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် ငယ်သေးတော့ ဘာရယ်လို့ သေချာ မဝေခွဲနိုင်ခဲ့ဘူး။ ရပ်ကွက်တွင်း တစ်ညလုံး လှည့်အော်နေတဲ့ နှိုးဆော်သံနဲ့ သီချင်းသံကို အိပ်ယာဝင် ပုံပြင်အဖြစ် နားဆင်ရင်း အိပ်ပျော်ခြင်းကို ရောက်ရှိသွားပါတယ်။ (အပေါ်က သီချင်းကို နားထောင်ချင်ရင် စာကြောင်းကို Click နှိပ်ပြီး နားထောင် ရယူနိုင်ပါတယ်။)

မနက်လင်းလို့ အိပ်ယာနိုးတော့ အမေက ၀ါးလုံးထိပ်ကို ပိတ်ဖြူပတ်ပြီး အလုံးလေးဖြစ်အောင် လုပ်နေတယ်။ ပြီးတော့ နိုင်ငံတော်အလံကို တိုင်တစ်ဝက်မှာ သေချာချည်ရင်း ပြတင်းတံခါးမှာ တွဲထားလိုက်တော့ တလူလူ လွင့်နေတဲ့ အလံကို ကျမ ငေးကြည့်နေမိပါတယ်။ ပြီးတော့ စပ်စုစွာပဲ ပြတင်းတံခါးက ကျမရဲ့ မမီ့တမီ အရပ်လေးနဲ့ လှမ်းမျှော်ကြည့်လိုက်ရင်ပဲ အိမ်တိုင်းအိမ်တိုင်း အလံနီနီလေးတွေ လွှင့်လို့ပေါ့။ ဒီအချိန်မှာ အမေက ရေဒီယိုကို ဖွင့်လိုက်ရင်ပဲ လေလှိုင်းထဲက ဗိုလ်ချုပ်ရဲ့ အနစ်နာခံခဲ့ပုံ၊ ကြိုးစားအားထုတ်ခဲ့ပုံတွေကို ကြည်လင်တဲ့ အသံနဲ့ လွှင့်ပေးနေတာလဲ ကြားရသေးတယ်။ နောက်တော့ ညတုန်းက ကျမ ကြားခဲ့ရတဲ့ သီချင်းကိုပဲ ထပ်တစ်ခါ ကြားရပြန်တယ်လေ။

“သမီး ဥသြဆွဲရင် လုပ်လက်စအလုပ်တွေ ခဏရပ်ပြီး ငြိမ်ငြိမ်လေးနေနော်” ဆိုတဲ့ အမေ့ဆီက ကျမကို သတိပေးသလို ပြောလာရင်ပဲ
“ဘာလို့လဲ အမေ”
“ဒီနေ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင် ကြိုးပမ်းပေးကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ၈ ဦး ကျဆုံးတဲ့နေ့လေ သမီးရဲ့”
“ကျဆုံးတာက ဘာလဲဟင်”
“သေသွားတာကို ပြောတာ သမီးလေး”
“ဟင် ဘာလို့သေသွားတာလဲ အမေ”
“ဂဠုန်ဦးစောက သတ်လိုက်လို့ပေါ့ သမီးရယ်”
“ဘာလို့ သတ်ရတာလဲ”
“မကျေနပ်လို့ပေါ့ သမီးရယ်၊ ဒါတွေ သမီးကြီးလာရင် သိလာမှာပါ၊ ကဲ ခဏနေရင် ဥသြဆွဲသံ ကြားရတော့မှာ အမေပြောတာ မမေ့နဲ့နော်”
“ဟုတ်ကဲ့”
ချာချာလည်သွားတဲ့ ကျမအတွေးလေး မဆုံးလိုက်ခင်မှာပဲ ရေဒီယိုက လွင့်ပျံ့လာတဲ့ ဥသြသံကြောင့် တစ်နိုင်ငံလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရပါတယ်။ ကျမရဲ့ ရင်ထဲမှာလဲ အမည်မသိတဲ့ ၀မ်းနည်း ကြေကွဲခြင်းတွေနဲ့ ဆို့နင့်လာပါတယ်။ အမေ့ကို လှမ်းကြည့်တော့လဲ ဟင်းချက်ရင်း တန်းလန်း ငြိမ်သက်စွာ မတ်တပ်ရပ်လို့ပေါ့။ ကျမလဲ ခေါင်းလေး ချာချာလည်အောင် လျှောက်ကြည့်ရင်း သိချင်စိတ် ပြင်းပြလာတဲ့အတွက် ပြတင်းပေါက်နား သွားပြီး အိမ်အောက်ကို ငုံ့ကြည့်လိုက်တဲ့ခါ လမ်းမမှာ သွားလာနေကြတဲ့ လူတွေလဲ ရပ်တန့်လို့ပါလား၊ လှုပ်ရှားမှုတွေ မတွေ့ရတော့ဘူး။ ခဏကြာတော့မှ လူတွေဟာ လေးတိလေးကန်နဲ့ လှုပ်ရှားလူးလွန့်လာကြတယ်။ သူတို့တွေရဲ့ မျက်နှာကိုယ်စီမှာ နှမြောခြင်း၊ ၀မ်းနည်းခြင်း၊ ဂုဏ်ယူခြင်း မျက်နှာဖုံးတွေ စွပ်ထားကြလေရဲ့။

အဲ့ဒီနောက် အမေ့ဆီက အမြဲကြားခဲ့ရတဲ့ စကားတွေ၊ ရေဒီယိုက လွှင့်ခဲ့တဲ့အသံတွေ နဲ့ တီဗွီကပြတဲ့ အရုပ်တွေကြောင့် ဗိုလ်ချုပ်ဟာ တကယ်ကို လေးစားထိုက်တဲ့ လူတစ်ဦးလို့ ခံစားလာရတယ်။ နောက် အတန်းကြီးလာတာနဲ့ ဖတ်စာထဲမှာ ပါလာတဲ့ သင်ရတဲ့ စာတွေကြောင့် ဗိုလ်ချုပ်အကြောင်း ပိုသိလာရပြီး ပိုလို့လဲ လေးစားမိလာတယ်။ တစ်နှစ်လုံးမှာ တစ်ရက်သာရှိပြီး အဲ့ဒီရက်မှာမှ ကျရောက်တတ်တဲ့ စက္ကန့်ပိုင်း လောက်ပဲ ရှိမယ့် အချိန်လေးတစ်ခုမှာလဲ ၀မ်းနည်းကြေကွဲစွာနဲ့ ငြိမ်သက်နေတတ်ခဲ့ပြီ။ တစ်နိုင်ငံလုံးက ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျရတဲ့နေ့ပေါ့.......။

နောက်ပိုင်း အသက်အရွယ် ကြီးလာတာနဲ့ ရပ်ကွက်တွင်း တိုက်တွန်းသံက တစ်စစ ကွယ်ပျောက်လို့ သွားတယ်။ ဒီလိုပဲ နှစ်စဉ် ဒီအချိန်ရောက်တိုင်း ငယ်တုန်းက ကြားခဲ့ရတဲ့ ရေဒီယိုက တေးသံသာနဲ့ ဥသြဆွဲသံလဲ မကြားရတော့တာ ယနေ့ထိ တိုင်အောင်ပါပဲ။

ဘာလို့များ မေ့ထားချင်ကြတာလဲ၊ ဘာလို့များ ဒီလောက်လေး အမှတ်တရနဲ့ လုပ်ပေးရမှာကို တွန့်တိုစွာနဲ့ နှမြောနေကြတာလဲ။ ဒီ ကျဆုံးသွားကြတဲ့ အာဇာနည် ၉ ဦးက ကျမတို့ နေထိုင်နေတဲ့ အမိ မြန်မာ နိုင်ငံတော်ကြီးကို လွတ်လပ်ရေးရအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြတာ မဟုတ်ဘူးလား။ သူတို့မှ စွမ်းဆောင် မပေးခဲ့ကြရင်ဖြင့် ကျမတို့နိုင်ငံဟာ ခုချိန်ထိ သူ့ကျွန်ဘ၀ ကျရောက်နေကြရဦးမှာ မဟုတ်လား။

လွတ်လပ်ရေးနေ့ဆိုပြီး တစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲတွေကို နှစ်စဉ် စဉ်လာမပျက် ကျင်းပဖို့ မမေ့ကြရင်ဖြင့် ဒီလိုနေ့မျိုး (ဂျူလိုင် ၁၉) မှာ ၀မ်းနည်း ကြေကွဲပါတယ်ဆိုတဲ့ အရိပ်အယောင်တွေ နဲ့ ဂုဏ်ပြု ပြသဖို့လဲ မမေ့သင့်ပါဘူး။ တစ်နှစ်လုံးမှာ တစ်ရက်၊ အဲ့ဒီတစ်ရက်မှာမှ စက္ကန့်ပိုင်းလောက်သာရှိတဲ့ ဒီ အချိန်တိုလေးကို ဘာလို့များ ဖုံးကွယ်ချင်ကြတာလဲ၊ ဘာလို့များ ဖျောက်ဖျက်ချင်ကြရတာလဲ။ အမှန်ဆို တစ်လလုံးတောင်မှ ပျော်ရွှင်ပွဲတွေ ရပ်ခိုင်းပြီး ၀မ်းနည်းကြောင်း ပြသသင့်တာ။ ဒါမျိုး တားမြစ်ရင်ဖြင့် ပြည်သူတွေကတောင် ၀မ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ လိုက်နာကြဦးမှာ။ ပြည်သူတွေက မေ့နေရင်တောင် ဒင်းတို့က သတိပေးရမှာ၊ ခုများတော့...... ဒင်းတို့ကိုယ်တိုင်က......။ (စကားလုံး အသုံးကြမ်းသွားရင် ခွင့်လွှတ်ပါ)

ခုဆိုရင် အာဇာနည်ဗိမာန်မှာ ဂုဏ်ပြုသူတွေ တစ်စစ နည်းပါးလာခဲ့ပြီ၊ ဒီဗိမာန်ကြီးဟာလဲ ဖုန်တက်နေလောက်ပြီ။ မြန်မာပြည်မှာရော ဒီနေ့ရက်ဟာဖြင့် အာဇာနည်နေ့ရယ်လို့ မှတ်မိတဲ့သူ၊ မမှတ်မိတဲ့သူ စာရင်း လိုက်ကောက်ရင် ဘယ်စာရင်း ပိုများမယ် ထင်ကြလဲ ?????။

ကျမ ငယ်တည်းက အာဇာနည်ဗိမာန်ကို သွားရောက်ပြီး ကိုယ်တိုင် ဂါရ၀ပြုချင်တာ ဒီနေ့ထိပါပဲ ဒါပေမယ့် ဘာလို့ ပြည်သူတွေကို ၀င်ရောက်ပြီး ဂါရ၀ပြုခွင့် မပေးကြတာလဲ။ အထဲဝင်ဖို့ မပြောနဲ့ အပြင်ကနေတောင် ကြာကြာရပ်ရင် အဖမ်းခံနေရဦးမယ်။ ခွင့်ပြုပေးရင်ဖြင့် ဒီလိုနေ့မျိုးမှာ ပြည်သူတွေ တစ်ဖွဲဖွဲ လာရောက် ဂါရ၀ပြုကြရင် နိုင်ငံတော် ဂုဏ်တက်မှာ စိုးလို့ နေမှာ... (အင်းး ဒီလိုပဲ ဖြေသိမ့်လိုက်ပါတယ်)။ အာဇာနည် ဗိမာန်နားက ဖြတ်သွားတိုင်း ရင်ထဲ တင်းကျပ်လာတယ်။ အဝေးက မြင်ရရင်တောင်မှ ၀မ်းနည်းပြီး မျက်ရည်ဝဲရတယ်။ အနီးကပ် သွားပြီးတော့ ဂါရ၀ပြုရရင် ငိုမိမယ်ထင်တယ်။

ဗိုလ်ချုပ်က ကျမတို့ရင်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေပြီ။ ဒင်းတို့တွေ ဘယ်လိုပဲ မေ့ပျောက်အောင် ဖျောက်ဖျက်ပေမယ့် ပြည်သူတွေရဲ့ ရင်ထဲထိတော့ ဘယ်လိုမှ လိုက်ပြီး ဆွဲနှုတ်ယူလို့ မရပါဘူး။ နောက်ပေါက်တွေကို သတိပေးရမှာက နှောင်းလူတို့ရဲ့ တာဝန်ပါပဲ။

ဒီလို နေ့ရက်မျိုးကိုမှ သတိ မေ့နေကြတယ်ဆိုရင် မြန်မာနိုင်ငံသား လို့တောင် ပြောဖို့ မတန်ပါဘူး။ ခုဆိုရင် ကမ္ဘာမှာ မြန်မာဟာ သေးငယ်နေပါပြီ။ ဒီနေ့ရက်ကိုမှ ထပ်ပြီး မေ့နေကြဦးမယ်ဆိုရင် အစတောင် ရှာရတော့မှာ မဟုတ်တော့ဘူး။ တစ်ခေတ်တစ်ခါက ကမ္ဘာမှာ မြန်မာဆိုရင် ဘယ်နေရာသွားသွား မော်ကြွားနိုင်ခဲ့တယ်။ ခုတော့ မြန်မာလို့ပြောလိုက်ရင် နှာခေါင်း ရှုံ့ချင်နေကြတယ်။ ဗိုလ်ချုပ်တို့သာ ရှိနေသေးရင် ကျမတို့ ခုလိုမျိုး ကမ္ဘာမှာ မျက်နှာငယ်နေကြရမယ် မထင်ဘူး။
*****

အာဇာနည်နေ့

`သား... မပြေးနဲ့၊ ငြိမ်ငြိမ်နေ၊ အသံ မထွက်နဲ့။´

ပြေးပြီး ဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်ကို ၁၉ ဂျူလိုင်ရဲ့ မနက် ၁၀ နာရီကျော်အချိန်လောက်မှာ အဘိုးကြီး တစ်ယောက်ကလှမ်းပြောလိုက်တယ်။

ကောင်လေးက မျက်လုံး အ၀ိုင်းသားနဲ့ ထိုင်ခုံမှာ ထိုင်နေတဲ့ အဘိုးရဲ့ ဘေးနား ကပ်သွားပြီး ရပ်နေလိုက်တယ်။ လက်ထဲက ကစားစရာ ကားလေးကို ကိုင်ပြီး အဘိုးလက်ကို ဆွဲထားလိုက်တယ်။ အဘိုးက တိုးတိုးနေဆိုတဲ့ သင်္ကေတဖြစ်တဲ့ လက်ညှိုးကို ပါးစပ်နားကပ်ပြီး ကောင်လေးကို ပြတယ်။ ကောင်လေးလည်း အဘိုးမျက်နှာကို ကြည့်နေလိုက်တယ်။

အရေး အကြောင်းတွေ ရှိနေတဲ့ အဘိုးအိုရဲ့ မျက်နှာမှာ တည်ကြည်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်း ၊ယူကျုံးမရခြင်းနဲ့ ကောင်လေး အဓိပ္ပါယ်ထုတ်လို့မရတဲ့ အခြားအရာတွေ မျက်နှာပေါ်မှာ တွေ့ရတာမို့ ခါတိုင်း အဘိုးက ငြိမ်ငြိမ်နေပြောရင် နားမထောင်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ကောင်လေးဟာ အဘိုးရဲ့ မျက်နှာ အသွင် အပြင်ကြောင့် အသာငြိမ်နေလေရဲ့။

ဖွင့်ထားတဲ့ ရေဒီယိုက လွမ်းဆွတ်ဖွယ် သီချင်းသံတွေ ခဏ ရပ်သွားပြီး ဥသြသံတွေ ထွက်လာချိန်မှာတော့ အိမ်နောက်မှာ ဟင်းချက်နေတဲ့ အဘွားအိုရဲ့ ခုတ်ထစ် လှီးချွတ်နေတဲ့ အသံတွေ ထိတ်သွားတယ်။ နဂိုထဲက အသံ မထွက်တဲ့ အဘိုးအိုက ပိုပြီး တိတ်ဆိတ်သွားတယ်။ အိမ်ရှေ့ က ကားကို စက်ဖုံးလှန်ပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကလည်း လုပ်လက်စအလုပ်တွေ ချပြီး အသာအယာ ရပ်လိုက်တယ်။ သူ့မျက်နှာမျာလည်း ၀မ်းနည်းတဲ့ အရိပ်တွေနဲ့။

လောကတစ်ခုလုံး ငြိမ်သက်သွားသလို ခံစားနေရပေမယ့် အိမ်ရှေ့ က စာကလေး ငှက်ကလေးတွေကတော့ ကျလီ၊ ကျီကျီနဲ့ အသံတွေ ထွက်နေရှာတယ်။


`ဟေ့ကောင်၊ မင်း ကော်ဖီ သောက်မလား´ လို့ အခန်းဖော် သူငယ်ချင်းက လှမ်းမေးသံကြားလိုက်တော့မှ အတွေးထဲက မှုံဝါးတဲ့ အရိပ်တွေ ပျောက်ကွယ်သွားတော့တယ်။

ဟုတ်ပါတယ် အဲဒီ အတွေးထဲက ကျွန်တော် မြင်နေခဲ့တဲ့ ကလေးငယ်ဟာ ကျွန်တော် ကိုယ်တိုင် ဖြစ်နေပြီး၊ ကျွန်တော့် အဘိုး၊ အဘွားနဲ့ ဦးလေးတို့ အိမ်မှာရှိနေတဲ့ နှစ် ၂၀ ကျော်က ၁၉ ဂျူလိုင်ရဲ့ မနက်ခင်းတစ်ခုပါ။ ကျွန်တော် သူငယ်ချင်းကို ခေါင်းအသာယမ်းပြလိုက်တယ်။ ပြတင်းပေါက်ကနေတဆင့် မြင်ရတဲ့ အဝေးက ကျွန်တော်ချစ်တဲ့ တိုင်းပြည်ရှိမယ်လို့ ထင်ရတဲ့ အရပ်ကို မှန်းစပြီး အခုနေတဲ့ အိမ်ရဲ့ ဧည့်ခန်းထဲကနေ လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တိတ်တဆိတ်ထိုင်နေတဲ့ ကျွန်တော်ပါ။ ထိုင်ရာက ထပြီး အာဇာနည်နေ့ သီချင်းတွေ နားထောင်ဖို့ ဖွင့်လိုက်ရင်း ကျွန်တော် ဆက်တွေးနေမိတယ်။

`တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်´

သီချင်းသံတွေနဲ့ အတူ ကျွန်တော့် အတွေးတွေ ပျံလွင့်နေတယ်။ အာဇာနည်တွေ လုပ်ကြံခံရတဲ့နေ့၊ လွန်ခဲ့တဲ့ နှစ် ၆၀ က ၁၉ ဂျူလိုင်၊ တိုင်းပြည်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု၊ တိုင်းပြည်အလှည့်အပြောင်းနဲ့ ပြည်သူတွေအတွက် အစားထိုးမရတဲ့ နစ်နာမှု၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး ပြိုလဲခဲ့တဲ့နေ့ ................ အဲဒါ အာဇာနည်နေ့တဲ့။

အဘိုးအိုရဲ့ ဘေးနားမှာ ကစားစရာ ကားကလေးကို ကိုင်ရင်း ကောင်လေးကမေးနေတယ်။

`ဘိုးဘိုး ဘာကြောင့် အခုနက အဲဒီလို တိတ်သွားရတာလဲ . . .ဟင်။´

`အာဇာနည်နေ့ပေါ့ သားရယ်၊ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေအတွက် ၀မ်းနည်းတဲ့ အနေနဲ့ ဂုဏ်ပြုပြီး တိတ်တိတ်နေပေးကြတာ။´

`အာဇာနည်ဆိုတာ ဘာလဲ´

အဘိုးအိုက အိပ်ကပ်ထဲနှိက်ပြီး ပိုက်ဆံ တစ်ရွက် ထုတ်လိုက်တယ်။

`ဒါ ဘယ်သူလဲ သားသိလား´ ၊ ပိုက်ဆံပေါ်က ပုံကို ပြပြီး ကြင်ကြင်နာနာမေးလိုက်တယ်။ ကောင်လေးက
`ဗိုလ်ချုပ်အောင်ဆန်း´
အဘိုးအိုက ပြုံးလိုက်ပြီး `ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲကောင်းတွေ သေဆုံးသွားတဲ့နေ့ကို အာဇာနည်နေ့လို့ ခေါ်တာပေါ့´

`မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန်သဘော။

မသိ၍ထင်
မမြင်၍ပြော
သူ့ဝိညာဉ်မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ် စိတ်စော။´

ဗိုလ်ချုပ်အောင်ဆန်း လို့နာမည်ပေးထားတဲ့ ဆရာကြီးမင်းသုဝဏ်ရေးတဲ့ ကဗျာလေးကို အဘိုးအိုက ရွတ်နေတယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ သခင်မြ၊ ဒီးဒုတ် ဦဘချို၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ အားလုံး ကျဆုံးခဲ့ရတယ်။

`သား၊ ဗိုလ်ချုပ်ကို သိတယ် မဟုတ်လား၊ အင်္ဂလိပ် လက်အောက်က လွတ်အောင် လုပ်ပေးတဲ့ အာဇာနည်ကြီးလေ၊ သူ့လိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူရဲကောင်းကြီးတွေ ဂျူလိုင်လ ၁၉ ရက်မှာ အားလုံးကိုသေနတ်နဲ့ ပစ်ခံရလို့ သေသွားကြတာ၊´

`ဘယ်သူတွေ ပစ်သွားတာလဲ၊ ဘိုးဘိုး။´
`မသမာတဲ့ လူတစ်စုက သတ်သွားတာပေါ့ . . . သားရယ်၊´
`အဲဒီလူတွေကို မဖမ်းဘူးလား´
`ဖမ်းတာပေါ့၊ ပြီးတော့ သေဒဏ် ပေးလိုက်ကြတယ်´
`နည်းတောင် နည်းသေးတယ်၊ သူများကို မဟုတ်တာလုပ်တဲ့ လူတွေ သေကြပလေ့စေ။´
အဘိုးအိုက သူ့ရင်ခွင်ထဲ ကလေးကို ဖက်ထားလိုက်ပြီး ခေါင်းကို ပွတ်ကာ
`သား . . . အဲဒီလို မပြောရဘူး။ သမိုင်းဆိုတာ သင်ခန်းစာယူပြီး၊ နောက် အဲဒီလို အမှားတွေ မလုပ်အောင် ပြုပြင်ရတယ်၊ အမုန်းတရားတွေ မထားရဘူး´
ကလေးငယ်က ဘာမှ မပြောပဲ အဘိုးရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေလေရဲ့။


`မော်ကွန်းလဲ ထိုးလောက်တဲ့မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်´
သီချင်းသံက ဆက်ပြီး ပျံလွင့်နေတယ်။ အတိတ်က အဘိုး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိခဲ့ပေမယ့် အခုတော့ နားလည်နေပါပြီ။
`သမိုင်း သင်ခန်းစာ ယူပြီး အမှားတွေ ထပ်မဖြစ်အောင် လုပ်၊ အမုန်းတရားတွေ မထားရဘူတဲ့။´

အဘိုးပြောခဲ့တာကို နားမလည် လက်မခံခဲ့မိတဲ့ ကျွန်တော်ဟာ အခုမှ ကောင်းကောင်း သဘောပေါက်တတ်နေခဲ့ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ပေးခဲ့ရုံမကပဲ၊ လူတွေအတွက် ရင့်ကျတ်တဲ့ သင်ခန်းစာတွေ၊ အမုန်းမပွားတဲ့ အတွေးအခေါ်တွေကို အသက်ပေးပြီး ပြည်သူတွေကို လမ်းပြ သင်ပေးသွားခဲ့တာပါလား။

အခု အနှစ် ၆၀ ပြည့် အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေကို ငြိမ်သက်စွာ ဂုဏ်ပြုရင်း၊ သူတို့ ပြခဲ့တဲ့ လမ်းအတိုင်း အမုန်းမပွားပဲ အာဇာနည်ကြီးတွေ အရ ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ပြည်သူတွေ စစ်မှန်စွာ ခံစားနိုင်အောင် တတ်စွမ်းသလောက် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်လို့ သန္ဓိဌာန်ချရင်း အလေးပြုလိုက်ပါတယ်။
ကိုထိုက်

Friday, July 20, 2007

နှစ် ၆၀ပြည့် အာဇာနည်နေ့



နှစ်၆၀ပြည့် အာဇာနည်နေ့တွင် ပြည်တွင်းမှ ပြည်သူ များရဲ့ ခံစားချက်ကို ထင်ဟပ် ဖွဲ့ဆို ထားပါသည်။


၁၉ ဂျူလိုင် မေ့သည်းစိုင်

မမေ့နိုင်တဲ့ သည်ရက်စွဲ
ရင်၂ခြမ်းကွဲနဲ့ တိုင်းပြည်
တိုးတိတ်ပါလို့ ဆိတ်ခဲ့ပြီ။
နှလုံးသွေးတွေ ဆူပွက်
လည်ချောင်းတစ်လျှောက် လျှံတက်လို့
မျက်လုံးတွေထဲက စီးထွက်ခဲ့ပြီ။
သည်ဗိမာန်ရှေ့ သည်ချိန်ရောက်ခဲ့ရင်
လူသားတွေက ဦးညွှတ်လို့…
တိမ်တိုက်များတောင် ငိုလို့…
ခံစားချက်တွေ ထပ်တူညီလို့…
ရွှေရင်ဆို့တယ်ကွဲ့
စကားလုံးတွေ ပြောမထွက်နိုင်လို့
မျက်ဝန်းများက တေးဆို
မျက်ရည်တို့ သီဝဲ
အာဇာနည်နေ့ကိုတော့လေ
ရင်ထဲမှာ အစဉ်အမြဲသာ ဆင်နွှဲ…



ဗိုလ်ချုပ်အောင်ဆန်း ကဗျာများ…



ဗိုလ်ချုပ်အောင်ဆန်းအတွက် ရေးထားတဲ့ ကဗျာတွေပဲဖြစ်ပါတယ်။

ပါဝင်ရေးသားခဲ့သော ကဗျာဆရာများကတော့ သခင်ကိုယ်တော်မှိုင်း၊ ဟံသာဝီ ဦးဘရင်၊ ဇေယျ၊ ရန်အောင်၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ နုယဉ်၊ ထွဏ်းနေနွယ်၊ မင်းယုဝေ၊ ဘုတလင် ချစ်လေး တို့ပါဝင်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။

ဒီစာအုပ်လေးကို ကိုဈာန် ရဲ့ ဘလော့ဂ်ပေါ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ် ခင်ဗျာ.

ဒီနေရာမှာ ရယူပါ.

Thursday, July 19, 2007

အာဇာနည်နေ့



နှစ် ၆၀ တိုင်ခဲ့ပေပြီ...
အာဇာနည်နေ့ ဆိုတဲ့ အသံကို ကြားလိုက်မိတိုင်း တကိုယ်လုံး သွေးတွေဆူပွတ်လို့ ကြက်သီးတဖြန်းဖြန်း ထခဲ့ရပါတယ်။ လူမှန်းသိတက် တဲ့ အရွယ်ထဲက ဇူလိုင်၁၉ အာဇာနည်နေ့ ရောက်တိုင်း ၀မ်းနည်းစိတ်နဲ့ ဘာမှာ လုပ်ချင်စိတ်မရှိ ဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကဆို အာဇာနည်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးချိန်မှာ ရန်ကုန်မြစ်အတွင်းက သင်္ဘောတွေရဲ့ ဥသြဆွဲသံ၊ ဒလသင်္ဘောကျင်းမှ ဥသြဆွဲသံ တွေနဲ့ အတူ မြန်မာ့အသံက လာနေကြ "ဗိုလ်အောင်ဆန်း" သီချင်းကို နားဆင်မိတိုင်း ငိုကြွေးခဲ့ရပါတယ်။ ခုဒီပိုဒ့်ကို ရေးနေချိန်မှာလည်း ကျွန်တော့ မျက်ဝန်းမှာ မျက်ရည်စို့လို့ ရင်ထဲမှာ ငိုနေခဲ့ပါတယ်။
ကျွန်တော်အရွယ်ရောက်လာတဲ့ အချိန့် အာဇာနည်နေ့မှာတော့ ဥသြဆွဲဖို့ဝေး၊ တေးဆိုဖို့ ခွင့်မရလို့ မေ့ကြအောင် ကြံဆောင်ခံနေရပါပြီ။ ဘာကြောင့်လဲ.... တမျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့်လို့ နောက်ဆုံး အသက်ပါပေးခဲ့တဲ့ အာဇာနည်ဖခင်ကြီးတွေကို ဘာ့လို့ မေ့ခိုင်းနေကြတာလည်း။ ဘာလည်း....၊ ဘာ့အတွက်လည်း....၊ တောက့်!!!

ခုခေတ်မှာ မွေးလာကြသူတွေအတွက် မိဘတွေရဲ့ အကူအညီနဲ့ ပြောဆိုမှုတွေသာ မရှိတော့ဘူးဆိုရင် နောင်တချိန်မှာ အာဇာနည်နေ့ဆိုတာ ပျော်စရာ ရုံးပိတ်ရက် အဖြစ်သာကျန်နေတော့မှာ။ ဒီအဖြစ်တွေကို ဘယ်လို ကာကွယ်မလဲ??????. တကယ်ဖြစ်သင့်တာက အာဇာနည်နေနဲ့ ပတ်သက်တာတွေ၊ အာဇာနည်ကြီးတွေရဲ့ အကြောင်းတွေကို အခြေခံကျောင်းတွေက စပြီး ဟောပြောချက်တွေ သင်ခန်းစာတွေ အဖြစ်ပို့ချပေးရမှာ။ ခုတော့..........................
........................
........................
ကဲ.. ဒီတော့ ကျွန်တော်တို့ ဘာတက်နိုင်မလဲ.. တက်နိုင်တဲ့ ဘက်ကနေ့တော့ အာဇာနည်နေ့ နဲ့ အာဇာနည်နေ့ရဲ့ အနှစ်သာရတွေကို မပျောက်ပျက်အောင် ဆောင်ရွက်ကြရပါမယ်။ နောင်လာနောင်သားတွေ အတွက် လမ်းတွေဖောက်ပေးရမယ်။ ခုလို ဘလော့ ညီအကို မောင်နှမတွေ စုစုစည်းစည်းနဲ့ အာဇာနည်နေ့ အတွက် လှုပ်ရှားနေတာတွေအတွက် အလွန်ကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ရဲ့ ညီငယ်၊ မောင်နှမတွေကိုလည်း အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးပြောပြစေချင်ပါတယ်။
နောက်ဆုံးပြောချင်တာ တခုကတော့ မနက်ဖြန်အာဇာနည်နေ့မှာ.. သူငယ်ချင်းတို့ စွမ်းသလောက် အလှူဒါနပြုပြီး အာဇာနည်ကြီးတွေအတွက် အမျှဝေရင်း ကျွန်တော်တို့ မြန်မာနိင်ငံကြီး အမြန်ဆုံး လွတ်မြောက်စေဖို့ တောင်းဆု ပန်ကြပါလို့......
ကျွန်တော်ကတော့ မနက်ဖြန်မှာ ၀ါဆိုသင်္ကန်းကပ်လို့ အမျှပေးဝေပါမယ်....

tzm (18_07_07)


မျိုးဆက်သစ်သို့တပ်လှန့်သံ


လာပါ သူငယ်ချင်းရေ.....
အမှောင်ထဲမှာ အလင်းသစ်ရှာရအောင်
ရုပ်ဝတ္ထုတွေဖျောက်ဖျက်လို့ သားရေနားစားတဲ့ခွေးအ
ငါတို့ဝိညာဉ်က အသက်သွေးချွေးနဲ့ရေးတဲ့
အာဇာနည်တွေရဲ့ သမိုင်းပုံရိပ်တွေက
ဖျောက်ဖျက်လို့ မရ စံပြတွေပါ။

လာပါ သူငယ်ချင်းရေ.....
အဆိုးတွေကြားမှာ အငြိုးတွေရှာဖျက်စီးရအောင်
စကားလုံးလှလှတွေ ကာရန်ညီရွေးမနေပါနဲ့
အာဇာနည်နေ့မှာတိုင်တည် ကတိသစ္စာဆိုကြမယ်လေ
ငါတို့တွက်မပါ တိုင်းပြည်သာဖို့
ရဲဝင့်တွန်းလှန် အမှန်ရှင်သန်ရေး
ငါတို့အသက်ကို စတေးပေးပါမည်။
လာပါ သူငယ်ချင်းရေ.....
တွေဝေငေးမော လွင့်မျောလို့လေ မနေပါနဲ့တော့
တို့နိုင်ငံအတွက် ရှေ့သို့ချီတက် မားမားရပ်၍
အရှုံးနိုင်မတွက်ပဲ ရဲဝင့်တော်လှန် တပ်လှန့်သံမို့
လာပါ သူငယ်ချင်းရေ....
ငါတို့လက်တွေ မြဲစေ တွဲစေ။ ။
နွေလှိုင်ဿုန်း။ဂျူလိုင် ၁၉၊၂၀၀၇။


မှတ်ချက်။ ။ယခုဓာတ်ပုံကို http://thitsarforce.org/ မှကူးယူသုံးစွဲထားခြင်း ဖြစ်ပါကြောင်း

အောင်ဆန်းဇာနည်

အောင်ဆန်းဇာနည်

ဟို တောင်ညိုညို ချိုင့်ဝှမ်းထဲမှာ
ဗိုလ်ချုပ်ဟာ လဲကျနေတာ
ကျွန်မ မြင်လိုက်မိတယ်
သူဟာ စကားလည်း မပြောဘူး
လှုပ်ရှားမှုလဲ မရှိဘဲ သူ့ရဲ့ မျက်လုံးတွေက ပိတ်နေပြီး
မိုးကောင်းကင်ကို မျက်နှာမူနေရှာပါတယ်။
သူဟာ တိုင်းရင်းသားအားလုံးရဲ့ ဂုဏ်သိက္ခာကိုဆောင်နေတဲ့
ဗိုလ်ချုပ်အောင်ဆန်းဆိုသူပါပဲ။
သူ့ရဲ့ နှလုံးသားက သွေးတွေပန်းထွက်နေဆဲပါကလား။
ကျွန်မဟာ သူ့ကို ဖေးမပေးရင်း
သူ့ရဲ့နုပျိုနုနယ်တဲ့ ဘ၀မှာ
သေရမှာကို ၀မ်းနည်းကြေကွဲလို့ မဆုံးပါဘူး
ပြီးတော့ သူ့ရဲ့နောက်ဆုံးအမှာစကား
ပြောနေတာကို နားစွင့်နေမိပါတော့တယ်
------------

ကျွန်တော်ဟာ ငယ်ရွယ်စဉ်မှာ
သေဆုံးတော့မယ်လေ
ပြည်ထောင်စုနိုင်ငံတော်ရဲ့ သားတစ်ယောက်အနေနဲ့ပေါ့
တိုင်းရင်းသားတွေကို ကာကွယ်စောင့်ရှောက်ဖို့
အသက်ပေးလှူခြင်း ဖြစ်ပါတယ်
ကျွန်တော်နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့
အာဇာနည် ၈ ဦးလဲ ရုတ်တရက်
ကျရောက်လာတဲ့ ကံကြမ္မာမုန်တိုင်းကြီးမှ
တစ်မျိုးသားလုံးကို ကယ်တင်ဖို့
ရှေ့ကို ချီတက်ခဲ့ကြတယ်
သင်ဟာ ကျွန်တော်ရဲ့စကားကို နောက်ဆုံးကြားရသူပါ
သင်ဟာ ကျွန်တော်ရဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို
တွေ့တဲ့အခါမှာ
ကျွန်တော်ရဲ့ အမှာစကားလက်ဆောင် ပေးပေးပါ
သူတို့ကို တာဝန်ပေးချင်တာကတော့
ကျွန်တော့်တို့အတွက် မျက်ရည်မကျဘဲ
အမိနိုင်ငံတော်အတွက် ကြိုးစားကြပါလို့
ကျွန်တော်တို့ အသက်စွန့်လွှတ်သွားခြင်းအတွက် မငိုဘဲ
ပြည်ထောင်စုရဲ့ အောင်မြင်မှုအတွက်သာ လုပ်ဆောင်ကြပါလို့
ယခုအခါမှာ ကျွန်တော်တို့ဟာ
သင်တို့ရဲ့ ဘ၀ပျော်ရွှင်မှုတို့အတွက် သွားရပါတော့မယ်
ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒ မပြည့်စုံသေးဘဲနဲ့
သင်တို့ကို ခွဲခွာသွားရပါတော့မယ်
ရန်သူတွေ ရှုံးနိမ့်သွားစမ်းပါစေ
ကျွန်တော်တို့ရဲ့ ၀ိညာဉ်တွေကို နှစ်သိမ့်မှုရစေပြီး
ကျွန်တော်တို့ရဲ့ နုနယ်ပျိုမျစ်ခြင်းဘ၀ အဆုံးခံနိုင်မှုကို
ဖြည့်စွမ်းပေးကြပါလို့
ဒါဟာ ကျွန်တော်တို့ကို ကိုယ်စားပြုပါတယ်...
--------
ပြီးတော့ ... ကျွန်မလေ
ဗိုလ်ချုပ်ရဲ့ နောက်ဆုံးအမှာစကား ပြောနေတာကို
ပြန်လည်ကြားယောင်နေမိပါတော့တယ်ရှင်...





Wednesday, July 18, 2007





ကျဆုံးလေပြီးသော...
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊
အာဇာနည်ခေါင်းဆောင်ကြီးများအား
ဦးညွတ်အလေးပြုပါ၏





ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇)

၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့မှ နောင်တခောတ်တွင် ဗိုလ်ချုပ်အောင်ဆန်း ဟူ၍ ဗမာ့နိုင်ငံသမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင်ခဲ့သည်။ ဇာတာအမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ်ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပြီး ယင်းကျောင်းမှ မြန်မာ၊ ပါဠိ (၂) ဘာသာ ဂုဏ်ထူးဖြင့် (၁၀) တန်းအောင်မြင်ခဲ့သည်။ ပညာထူးချွန်သူဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ဖူးသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာဆည်းပူးခဲ့သည်။ ၁၉၃၅-၁၉၃၆ ပညာသင်နှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမူဆောင်အဖွဲ့ဝင် ဖြစ်လာခဲ့ပြီး သမဂ္ဂ၏ အာဘော် အိုးဝေမဂ္ဂဇင်း အယ်ဒီတာလည်း ဖြစ်လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် ဆောင်ရွက်သော အိုးဝေမဂ္ဂဇင်းတွင် ယမမင်း အမည်ဖြင့် အိုးဝေညိုမြ ရေးသားသော "ငရဲခွေးကြီး လွတ်ပြီး သရမ်းနေသည် (The Hell Hound At Large)" ခေါင်းစဉ်ဖြင့် ပေးစာတစ်စောင် ဖော်ပြခဲ့မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ် ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းရင်းတချက်ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသားသပိတ်၏ သပိတ်မှောက်ကောင်စီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

ကုလား-ဗမာ အဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခရောက်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခု သပိတ်အရေးတော်ပုံတွင် ဖွဲ့စည်းပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာထွက်လာသည်။ အစီရင်ခံစာကို တကသမှ ကန့်ကွက်ခဲ့သည်။ ဒေါက်တာဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည်ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆-၁၉၃၇ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြီး ၁၉၃၈-၁၉၃၉ တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ်အပြီးတွင် ပေါ်ပေါက်လာသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီးတည်ထောင်သူ တစ်ဦးလည်းဖြစ်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇-၁၉၃၈ တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းကို အောင်ပြီး၊ ဥပဒေ ၀ိဇ္ဖာတန်းသို့ ဆက်တက်ခဲ့သည်။ ၁၉၃၈-၁၉၃၉ တွင် တကသ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ်ကောင်စီတွင် ပထမဆုံး ကျောင်းသားကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တကသ ဥက္ကဋ္ဌအဖြစ် သက်တမ်းကုန်သည်အထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်၍ သခင်အောင်ဆန်းအဖြစ် နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ် ၀င်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာအစည်းအရုံး၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်းခံရသည်။

သခင်အောင်ဆန်းသည် ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ ဗမာ့လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဗမာ့လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် ပေါ်ပေါက်ခဲ့သော ပြည်သူ့အရေးတော်ပုံပါတီ (နောင် ဆိုရှယ်လစ်ပါတီ) ၏ ပြည်ပဆက်သွယ်ရေးခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄၀ မတ်လအတွင်း အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက်ခဲ့သည်။ သခင်အောင်ဆန်းအား အင်္ဂလိပ်နယ်ချဲ့အစိုးရကို ဆန့်ကျင်ဟောပြောမှုဖြင့် ဖမ်းဆီးရန် ဟင်္သာတခရိုင် ရာဇ၀တ်ဝန်က ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၁၉၄၀ သြဂုတ်လအတွင်း ဗမာ့လွတ်လပ်ရေးအတွက် အင်္ဂလိပ်နယ်ချဲ့အစိုးရအား ဗမာ့မြေပေါ်မှ လက်နက်အားဖြင့် မောင်းထုတ်နိုင်ရန်အတွက် နိုင်ငံခြားမှ အကူအညီရယူရန် တရုတ်နိုင်ငံသို့ စွန့်စားထွက်ခွာခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင်နေစဉ် ဗမာနိုင်ငံမှ ရဲဘော်များ၏ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ဂျပန်အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ်ရကာ ဂျပန်နိုင်ငံသို့ ရောက်သွားသည်။ ဂျပန်ပြည်တွင် ဗမာ့လွတ်လပ်ရေး စီမံကိန်း စာတမ်းတရပ်ကို ရေးဆွဲကာ ဂျပန်စစ်အာဏာပိုင်များနှင့် ညှိနှိုင်းခဲ့သည်။ ယင်းစီမံကိန်းအရ ဗမာပြည်အတွင်းမှ မျိုးချစ်လူငယ်များကို စုစည်းကာ အလီလီခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ်တစုသည်ပင်လျှင် နောင်သောအခါတွင် ဗိုလ်တေဇ (ခ) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော်သုံးကျိပ် ဖြစ်လာခဲ့သည်။ ဤမျိုးချစ်လူငယ်များသည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်းတည်ထောင်ကာ ဗမာနိုင်ငံအတွင်းသို့ ဂျပန်များနှင့်အတူ ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ဂျပန် တပ်မတော်က ဗမာနိုင်ငံကို သိမ်းပြီးသောအခါ အင်အားကြီးထွားလာပြီး ပရမ်းပတာ ဖြစ်လာသော ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အင်အားလျော့ချပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည်ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်အောင်ဆန်း သည်ဘ စစ်သေနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြုဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ ဗမာနိုင်ငံကို ဂျပန်က ရွှေရည်စိမ်လွတ်လပ်ရေး ပေးသောအခါ ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ်ဂျပန် စစ်အုပ်ချုပ်ရေးသမားများသည် ဗမာနိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံနိုင်ငံ တစ်နိုင်ငံသဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ်၊ သြဂုတ်လအတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်စိုးတို့ ဦးဆောင်ပြီး ဖက်ဆက်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်းတည်ထောင်က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း၏ တိုက်ရိုက်ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ်ဂျပန်တို့ကို အတိအလင်း စစ်ကြေညာက ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့တပ်မတော်ကို ဂန္ဒီစာချုပ်အရ ဆက်လက်ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေးခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌအဖြစ် တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဗမာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ရာထူးလက်ခံရန် စကားကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ်အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံ၏ စက္ကူဖြူစီမံကိန်း တိုက်ဖျက်ရေးကိုသာ ပြည်သူလူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သဖြင့် ပုလိပ်သပိတ်အပါအ၀င် အထွေထွေ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက်လာပြီး၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ အုပ်ချုပ်ရေး ရပ်တန့်သွားခဲ့ရသည်။ ဗြိတိန်အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး ဘုရင်ခံအသစ် အဖြစ် ဆာဟူးဘတ်ရန့်စ်ကို ခန့်အပ်လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရဖွဲ့စည်းရန် စကား ကမ်းလှမ်းလာတော့သည်။ ထိုကမ်းလှမ်းချက်များကို ဖဆပလနှင့် ဆွေးဗနွးညှိနှိုင်းကြပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင်များသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီဝင် ရာထူးများကို လက်ခံယူလိုက်ကြသည်။ ထို့ကြောင့် ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ စ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေးရရှိရေး ဆောင်ပုဒ်အရ ဗမာ့လွတ်လပ်ရေးကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာအစိုးရ၏ ဖိတ်ကြားချက်အရ ဗမာ့ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် လန်ဒန်သို့ သွားရောက်ခဲ့သည်။ ထိုဆွေးနွေးပွဲမှ ဗမာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးမည့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

သို့သော် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးရာတွင် ဗြိတိသျှတို့က တောင်တန်းဒေသများကို ချန်ထားလိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်း က တောင်တန်းဒေသကိုပါ တပါတည်း လွတ်လပ်ရေးပေးရန် တောင်းဆိုခဲ့ပြီး တောင်တန်းဒေသနှင့် ဗမာပြည်မ ပေါင်းစည်းရေးအတွက် အားသွန် ကြိုးပမ်းခဲ့ပြန်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးစားရိုးသားမှုကြောင့် တောင်တန်းဒေသ တိုင်းရင်းသားခေါင်းဆောင်များ၏ ယုံကြည်ကိုးစားမှုကိုပါ ရရှိခဲ့ပြီး၊ ဗမာနိုင်ငံသမိုင်းတွင် အရေးပါသော တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်ရေး သင်္ကေတဖြစ်သည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေးရရန် သေချာသော အခြေအနေသို့ ရောက်သောအခါ လွတ်လပ်သော ဗမာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲကြမည့် တိုင်းပြုပြည်ပြုလွှတ်တော်အတွက် ရွေးကောက်ပွဲကြီးကို ၁၉၄၇ ခု၊ ဧပြီလတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ယင်းသို့ ဗမာ့လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီးအချိန် လွတ်လပ်သော ဗမာနိုင်ငံ တည်ထောင်ရေး အားသွန်ကြိုးပမ်းနေဆဲတွင် နယ်ချဲ့လက်ပါးစေ ဦးစောနှင့် အပေါင်းအပါတို့၏ ရက်စက်ယုတ်မာစွာ လုပ်ကြံသတ်ဖြတ်မှု ကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည်ခေါင်းဆောင် အာဇာနည်ကြီးများနှင့်အတူ ကျဆုံးခဲ့ရပေသည်။




သခင် မြ (၁၈၉၇-၁၉၄၇)

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာဇာတိဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ်တို့မှ ၁၈၉၇ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် ဖွားမြင့်သည်။ ငယ်နာမည် မောင်ဘရွှေဖြစ်သည်။ နှမ မမြငွေ တစ်ဦးသာရှိ၍ နောင်အခါ သီလရှင်ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာခဲ့သည်။ သာယာဝတီ အေဘီအမ်ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန်ဘက်ပတစ် အထက်တန်းကျောင်းမှ အောင်မြင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ကိုးလ်ကတ္တားတက္ကသိုလ်တို့မှ အိုင်အက်စီတန်းကို ဓာတုဗေဒဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၂၀ ပြည့်နှင့် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသားပညာရေး ကောင်စီတွင်လည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်းကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသားကောလိပ်မှပင် အောင်မြင်ခဲ့သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။
၁၉၂၇ ခုနှစ်တွင် ဥပဒေ ၀ိဇ္ဖာဘွဲ့အောင်ပြီးသောအခါ သာယာဝတီသို့ ပြန်၍ ရှေ့နေအလုပ်ဖြင့် အသက်မွေးသည်။ ၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံသားများဘက်မှ ရှေ့နေလိုက်ရာမှ ထင်ရှားလာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ဗမာအစည်းအရုံးဝင်ရာမှ သခင်ဖြစ်လာပြီး သခင်မြဟု ထင်ရှားလာခဲ့သည်။ ထို့နောက် တို့ဗမာအစည်းအရုံး၏ ကိုယ်ပွားဖြစ်သော "ကိုယ်မင်းကိုယ်ချင်းအဖွဲ့" ၏ ဥက္ကဋ္ဌဖြစ်လာသည်။ ကိုယ်မင်းကိုယ်ချင်းအဖွဲ့၏ တာဝန်ပေးချက်အရ သာယာဝတီတောင်ပိုင်းမှ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ အရွေးခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြုလွှတ်တော်အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော်အတွက် ပထမဆုံး အရွေးခံရသော သခင်အမတ် သုံးဦးအနက် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ထိုသို့ အမတ်အဖြစ် အရွေးခံရ သော်လည်း အင်္ဂလိပ် နယ်ချဲ့အုပ်စိုးမှုကို ဆန့်ကျင်သည့်အနေဖြင့် အမတ်လစာမယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။

ပြည်သူ့အရေးတော်ပုံပါတီ ဖွဲ့သောအခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပဆက်သွယ်ရေး တာဝန်ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန်ယူခဲ့သည်။ ၁၉၄၁ ခုနှစ်တွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသည်။ ရဲဘော်သုံးကျိပ် ဂျပန်နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ရသူ တစ်ဦးလည်းဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရအဖွဲ့တွင် ဒုတိယ၀န်ကြီးချုပ် ဖြစ်ခဲ့သည်။ ဖက်ဆက်တော်လှန်ရေးအတွက် ဖတပလကို ဖွဲ့သောအခါ ပြည်သူ့အရေးတော်ပုံပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီကို မြန်မာပြည် ဆိုရှယ်လစ်ပါတီဟု ပြင်ဆင်ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ကြားဖြတ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန ၀န်ကြီး တာဝန်များ ယူခဲ့ရသူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြုပြည်ပြုလွှတ်တော် ယာယီသဘာပတိ တာဝန်များ အပေးခံရသည်။ အောင်ဆန်း-အက်တလီ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား ဗမာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ လယ်သီးစား ဥပဒေဋီကာ ကိုလည်း ရေးသားခဲ့သေးသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားခေါင်းောဆင်ကြီးများနှင့်အတူ မသမာသူတို့ လက်ချက်ဖြင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အသက်ဆုံးရှုံးခဲ့ရရှာသည်။




ဦးဘချို (၁၈၉၃-၁၉၄၇)

ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြဇာတိ ဖြစ်သည်။ အဖ ဗမာ ဆေးဆရာကြီး ဦးဘိုးစာနှင့် အမိ ဒေါ်မြစ်တို့မှ ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူးအောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါကျောင်းတွင် ဆက်လက်ပညာသင်ယူရာ ၁၀ တန်းကို အထူးအောင်သော ကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန်တက္ကသိုလ်တွင် ဘီအေအထက်တန်းကျောင်း တက်နေဆဲ မျက်စိရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ရသည်။ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ဖူးသည်။ ၁၉၂၀ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသားကျောင်းများ ဖွင့်လာသောအခါ အစိုးရ၀န်ထမ်းမှ ထွက်ပြီး အမျိုးသားကောလိပ် တွင် မြန်မာစာဆရာ ၀င်လုပ်သည်။ အစိုးရအထောက်အပံ့ မယူသော အမျိုးသားကျောင်းဆရာလည်း လုပ်ခဲ့ဖူးသည်။ တစ်ပတ် တစ်ကြိမ် ထုတ် "မြန်မာ့ ရီဗျူးဂျာနယ်" ကို အယ်ဒီတာချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့သည်။ ထိုနောက် "ဒီးဒုတ်ဂျာနယ်" ကို ၁၉၂၅ ခုနှစ်တွင် ဦးစီးထုတ်ဝေရာတွင် ဒီးဒုတ်ဦးဘချိုဟု ထင်ရှားလာသည်။

ဆရာကြီးသည် အင်္ဂလိပ်-မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂိရတ်ပညာများကိုလည်း လိုက်စားခဲ့ သည်။ ဗမာသီချင်းကြီးကိုလည်း စည်းစနစ်ကျစွာ တတ်မြောက်သူတစ်ဦး ဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတာကို မြတ်နိုးပြီး စောင်းကောက် ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ ဗမာ သီချင်းကြီး၊ သီချင်းခန့်များကို မူမှန်အတိုင်း ဖြစ်စေရန် "ဂီတ၀ိသော ဓနိ" ကျမ်းကိုလည်း တည်းဖြတ်ခဲ့သည်။ ၁၉၃၈ ခုနှစ်အတွင်း ဒီးဒုတ် နေ့စဉ်သတင်းစာကို ထုတ်ဝေခဲ့သည်။ ဆရာကြီးသည် သတင်းစာဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေသမားတစ်ဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြားစေသည့် စာပေများကိုလည်း ရေးသားခဲ့သည်။ အင်္ဂလိပ်တို့ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးတို့ကို ဆန့်ကျင်ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီကိုလည်း တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌအစြဖ် တာဝန်ယူခဲ့သည်။ ဗမာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သေးသည်။ ၁၉၃၆ ခုနှစ်၊ တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ စာရေးဆရာအသင်း နာယကလည်း ဖြစ်သည်။ ဗမာနိုင်ငံ လုံးဝလွတ်လပ်ရေး ရရှိ ကြိုးပမ်းရန်အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသောအခါ ၀င်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့်အတူ အထူးအပင်ပန်းခံ၍ ဆောင်ရွက်ခဲ့သည်။ ချင်းပြည်နယ် ထီးလင်းမြို့တွင် ကျင်းပသော ချင်း-ဗမာ ချစ်ကြည်ရေး ကျောက်တိုင်ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စားအဖြစ် လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက်ခဲ့သည်။

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများနှင့်အတူ လုပ်ကြံခံရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။




ဦးရာဇတ် (၁၈၉၈-၁၉၄၇)

အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားကလေး ကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သည်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီကို ဦးစီးဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြ ဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေးအဖွဲ့ကြီး၏ ဘီအေစာမေးပွဲကြီးကို အောင်မြင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည်ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟို အမျိုးသား အထက်တန်းကျောင်းအုပ်အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ်ဖွဲ့စည်းပြီး ကျောင်းသားလူငယ်များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ တွင် စစ်အတွင်းက ပိတ်ထားခဲ့ရသော အမျိုးသားကျောင်းကြီးကို ပြန်လည်ဖွင့်လှစ်သောအခါ အမျိုးသားကျောင်းတွင် ဆရာပြန်လုပ်သည်။ အထက်ဗမာနိုင်ငံလုံးဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာ-မွတ်စလင် အသင်းဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ ဗမာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီးအဖြစ် တာဝန်ယူနေစဉ် အခြားခေါင်းဆောင်ကြီးများနှင့်အတူ မသမာသူတို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရပြီး အသက်ဆုံးရှုံးခဲ့သည်။




မန်းဘခိုင် (၁၉၀၃-၁၉၄၇)

ကရင်အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာဇာတိဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိဒေါ်ပုဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၀၃ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက် ဖြစ်သည်။ ဟင်္သတာမြို့၊ အေဘီအမ်ကျောင်းတွင် ပညာသင်ယူခဲ့ရာ ၁၉၂၀ ပြည့်နှစ်တွင် သတ္တမတန်းအောင်သည်။ ကရင်ဘာသာသင် ကျောင်းတစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေးဌာန အတွင်းဝန်ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင်-ဗမာ ချစ်ကြည်ရေးကို အထူးဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ စစ်ပြီးခေတ်တွင် ဖဆပလ ဗဟိုအလုပ်အမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ လုပ်ကြံခံရ၍ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်တွင် ကွယ်လွန်ခဲ့သည်။




မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း (၁၉၀၇-၁၉၄၇)

မိုင်းပွန်စော်ဘွားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့၏ သား စ၀်စံထွန်းသည် ၁၉၀၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်သည်။ မန္တလေး ပုလိပ်အတတ်သင်ကျောင်း လည်း တက်ခဲ့ဖူးသည်။ ထို့နောက် ပုလိပ်အရာရှိအဖြစ် ခေတ္တ အမှုထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွားအဖြစ် ခံယူလိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြိး၏ သမီး စ၀်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေးလုပ်ငန်းများ ထွန်းကားလာစေရန် ကြိုးပမ်းခဲ့သူတစ်ဦးလည်း ဖြစ်သည်။ အင်္ဂလန်နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ခေတ်မီစာအုပ်များ၊ ကိရိယာ တန်ဆာပလာများနှင့် သီးနှံမျိုးစေ့များကိုပင် မှာယူခဲ့ဖူးသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ ဗမာနိုင်ငံသို့ ပြန်ဝင်လာသော ယင်းနှင့်အတူ ပါလာသော စက္ကူဖြူအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ်သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်းစည်းလုံးညီညွတ်ရေးအတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် စော်ဘွားလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ်အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသရေးရာ ၀န်ကြီးဖြစ်လာသည်။ ထို့ပြင် တိုင်းပြုပြည်ပြုလွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ်ဆိုင်ရာ ဆပ်ကော်မတီ၊ လူနည်းစုဆိုင်ရာ ဆပ်ကော်မတီ၏ ဖွဲ့စည်းပု့ အခြေခံဥပဒေ ရေးဆွဲရေးကော်မတီများတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လုပ်ကြံခံရပြီး ဇူလိုင်လ (၂၀) ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန်ခဲ့သည်။




ဦးဘ၀င်း (၁၉၀၁-၁၉၄၇)

နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက်အနက် ဦးဘ၀င်းသည် အကြီးဆုံးသားဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အကိုအကြီးဆုံးဖြစ်ပြီး ၁၉၀၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်းကျောင်းမှ သတ္တမတန်း အောင်သည်။ ဗမာ ကိုးတန်း အောင်ပြီးနောက် အလယ်တန်းဆရာဖြစ် စာမေးပွဲ အောင်သောအခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေးဘ၀ဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန်တက္ကသိုလ်မှ သင်္ချာဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်းဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသားအထက်တန်းကျောင်းတွင် အထက်တန်းကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီးမြို့မှ ဦးစံ၊ ဒေါ်ရွှေမေတို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်းမြို့နယ် ဖဆပလ ဥက္ကဋ္ဌဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ တိုင်းပြုပြည်ပြု လွှတ်တော်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံခံရပြီး ကွယ်လွန်သည်။




ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)

ဦးအုန်းမောင်သည် မင်းဘူးမြို့၊ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)၀န်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ၀ိဇ္ဖာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိုင် ၀န်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့၊ စနေနေ့၊ နံနက် ၁၀ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။




ရဲဘော် ကိုထွေး (၁၉၂၉-၁၉၄၇)

မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီတို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသော မသမာသူတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။

(ဤအကြောင်းအရာပါ စာသားများကို http://www.myanmarisp.com မှ ထပ်ဆင့်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)



အာဇာနည်မြတ် မမေ့အပ်


အာဇာနည်နေ့က ဘာလို့ အရေးကြီးရသလဲဆိုတဲ့ မေးခွန်းမျိုးကို ကျမခဏခဏ ကြုံရဖူးပါတယ်။ ကျမကတော့ အဲဒီမေးခွန်းကို အမြဲအလွယ်တကူပဲ ဖြေဖြစ်ပါတယ်။ အာဇာနည်ဆိုတာက အရေးကြီးတဲ့အတွက် အာဇာနည်နေ့ က အရေးကြီးရတာပါပဲ။

အာဇာနည်ဆိုတာက သူ့ဘ၀ကို အများအတွက် မြှုပ်နှံ အစတေး ခံရဲသူ။ အသက်စွန့်ဝံ့သူ။ ကိုယ်ကျင့်တရား အမွန်အမြတ် ရှိသူ။ ကိုယ့်ဖြစ်တည်မှုကို မေ့ထားပြီး လူအများအတွက်သာ စဉ်းစားပြီး ဆောင်ရွက်လုပ်ကိုင်သူ။ လူအများကို စိတ်ခွန်အားဖြစ်စေသူ.. လူအများ လိုလားသောလမ်းကို ဖန်တီးပေးသူ။

ကျမတို့နိုင်ငံက အာဇာနည်နေ့ဟာ အဲဒီလို အာဇာနည်တွေကို မသမာသူတွေက လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ နေ့ပါ။ ကျမတို့ နိုင်ငံရဲ့ အာဇာနည်ကြီးတွေကို ဆုံးရှုံးလိုက်ရတဲ့ နေ့ပါ။ အာဇာနည်ဆိုတာ ခေတ်တခေတ်မှာ အလွန် ပေါ်ပေါက်ခဲတဲ့ ရတနာတွေပါပဲ။ အခု ကျဆုံးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေဟာ နေရာအသီးသီးမှာ သူ့နေရာနဲ့သူ ထူးချွန် ထက်မြက်ကြပြီးတော့ နိုင်ငံအတွက် တကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံပြီးတော့ ရွပ်ရွပ်ချွံချွံ ကြိုးပမ်းနေကြသူ တွေချည်းပါပဲ။ နောက်တခုက အဲဒီပုဂ္ဂိုလ်ကြီးတွေဟာ နိုင်ငံခေါင်းဆောင် ပီသစွာပဲ ကိုယ်ကျင့်တရားအရာမှာ စံပြ လို့ ဆိုနိုင်တဲ့သူတွေပါပဲ။ တကယ့် အာဇာနည် အင်္ဂါရပ်နဲ့ ပြည့်စုံကြသူတွေပါ။

အဲဒီလို အာဇာနည်တွေရဲ့အကြောင်းတွေကို ကျမတို့က နောက်မျိုးဆက်တွေ သိအောင် သေသေချာချာ လက်ဆင့်ကမ်းရမှာပါ။ ဒါမှပဲ အာဇာနည်ဆိုတာ ဒီလိုပါလား.. အာဇာနည် အဖြစ် ရပ်တည်မှ တန်ဖိုးရှိတာ ပါလား… လူဖြစ်ရကျိုး နပ်မှာပါလား… ဂုဏ်ယူစရာ ကောင်းတာပါလား… လို့ တွေးမိကြမှာပါ။

ပိုဆိုးတာကတော့ ခုချိန်မှာက ကျမတို့နိုင်ငံမှာ ခေါင်ကမှ မိုးမလုံတော့ တတိုင်းပြည်လုံး ကံဆိုးမိုးတွေ တုတ်တုတ် ရွှဲ နေရ။ ကလေးတွေ လူငယ်တွေရဲ့ မျက်စေ့ရှေ့မှာ မတရားသဖြင့် အုပ်ချုပ်နေတဲ့ အာဏာပိုင်ဆိုသူတွေ… လူထုကို နှိပ်စက်ညှင်းပမ်းတဲ့ အစိုးရ ဆိုသူတွေ.. အဂတိလိုက်စားတဲ့ အုပ်ချုပ်သူတွေ… ကိုယ်ကျင့်တရား ပျက် တဲ့ ဦးဆောင်သူတွေ.. အရှက်အကြောက်နည်းပါးတဲ့ အောင်မြင်ကျော်ကြားသူတွေကိုသာ အတွေ့များနေတာမို့.. အတုယူတတ်တဲ့အရွယ်တွေအတွက် အတုခိုးမှားမှာ သိပ်စိုးရိမ်စရာ ကောင်းပါတယ်။

ဒါကြောင့် ဘယ်လောက်မှ မဝေးကွာသေးတဲ့.. လွန်ခဲ့တဲ့ နှစ်၆၀ ကျော်မှာတင် စံပြုစရာ ကိုယ်ကျင့်တရားနဲ့ ပြည့်စုံပြီး လူထုအတွက် ကိုယ်ကျိုးစွန့်ဖို့ဝန်မလေးတဲ့ ခေါင်းဆောင်တွေ ရှိခဲ့တာကို ကျမတို့ တလေးတစား ဖော်ထုတ်ရပါမယ်။ သတိတရ ချီးကျူးရပါမယ်။ မျိုးဆက်သစ်အဆက်ဆက်ဆီ လက်ဆင့်ကမ်းရပါမယ်။ ဒါမှပဲ အဲဒီ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို သိတတ်ရာကျပါလိမ့်မယ်။ အဲဒီတော့မှပဲ နောက်မျိုးဆက်တွေ အပေါ် လည်း တာဝန်ကျေရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်ပဲ အာဇာနည်နေ့ဟာ.. အာဇာနည်တွေဟာ အရေးကြီး ရတာပဲ ဖြစ်ပါတယ်…။

မေငြိမ်း(ဇူလိုင်၁၈)





အာဇာနည်နေ့ဟူသည်

တကယ်တော့ ကျွန်မဟာ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်များ ကျဆုံးတဲ့နေ့ ၊ ဗမာနိုင်ငံသမိုင်းမှာ မိုးမှောင်ကျတဲ့နေ့ ၊ ဗမာနိုင်ငံကို ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲရောက်ဖို့ လမ်းစဖေါ်ပေးလိုက်တဲ့နေ့ ဆိုတာကလွဲလို့ တခြားအရာကို သေချာသိတာမဟုတ်တဲ့ လူတယောက်လို့ပဲ စစခြင်း ၀န်ခံလိုက်ပါရစေ ။

အသက်ဆယ်နှစ်ကျော်ခါစတည်းက ဗမာပြည်ကထွက်ခဲ့တဲ့ ကျွန်မဟာ တခြားနိုင်ငံဖြစ်တဲ့ ခြင်္သေ့ကျွန်းရဲ့ ရေကြည်ရာ မြက်နုရာမှာ ၊ ရေသောက် မြက်စားလို့ ကြီးပြင်းခဲ့တာ ခုဆို ဆယ်ရာစုနှစ်တွေကျော်လွန်ခဲ့ပြီပေါ့ ။ နိုင်ငံသစ်မှာ ရုန်းကန်လှုပ်ရှား အနယ်ထိုင်ခဲ့ရတဲ့ နှစ်အတော်များများမှာ အာဇာနည်နေ့ဆိုတာကို ကျွန်မ မေ့လျော့တတ်ခဲ့တယ် ။ ပတ်ဝန်းကျင်မှာ လူးလာခတ်နေတဲ့ ခြင်္သေ့နိုင်ငံသား နဲ့ တခြားနိုင်ငံသားတွေကြားမှာ အာဇာနည်နေ့ဆိုတဲ့စကားမျိုး ကျွန်မ မကြားခဲ့ရဘူး ။ ဒါဟာ မျိုးချစ်စိတ်မရှိတော့တာလို့ လူတချို့ ကောက်နုတ်ချက် ချကောင်းချလိမ့်မယ် ။

ဗမာပြည်မှာမွေးပြီး ခြင်္သေ့ကျွန်းမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ ၊ မိဘအရင်းနဲ့ မွေးစားမိဘတို့ကြား ဗျာယာခတ်နေတဲ့ သမီးတယောက်လိုပဲလို့ တခါတလေ ကိုယ့်ဘာသာ စဉ်းစားမိတယ် ။ ကျွန်မကို လူတလုံး သူတလုံးဖြစ်အောင် အခြေအနေတွေပေးခဲ့တဲ့ ခြင်္သေ့ကျွန်းဟာ ကျွန်မရဲ့ မွေးစားမိဘတွေလိုပေါ့ ။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတာတော့ ၊ ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့ အမိဗမာနိုင်ငံရဲ့ သွေးတွေပေါ့ ။ ဒီမှာကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ ခြင်္သေ့ကျွန်းလူသားများနဲ့ .. ပုံပန်းသဏာန်.. အနေအထိုင် အသွားအလာ .. အစားအသောက်.. လူနေမှုအကျင့်စရိုက်.. အတွေးအခေါ် .. တူနေချင် တူနေပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်မဟာ ဗမာစကားပြောရတာကို အကြိုက်ဆုံး ၊ ဗမာစာကို အမြတ်နိုးဆုံး ၊ ဗမာအစားအစာကို အနှစ်သက်ဆုံး ၊ ဘောလုံးပွဲမှာ ခြင်္သေ့လူသားများနဲ့ ဗမာတို့ ကန်ခဲ့ရင်တောင် ကိုယ့်ဗမာကိုယ် အားပေးတတ်ခဲ့တယ် ။ ကျောင်းမှာ ကမ္ဘာ့သမိုင်း ၊ ခြင်္သေ့ကျွန်းသမိုင်းတွေကို စာမေးပွဲအတွက်လောက်သာ ကျက်မှတ်ခဲ့ပေမယ့် ၊ တကယ် အသက်အရွယ်ရင့်ကျက်လာတဲ့အခါ မြန်မာ့သမိုင်းကိုတော့ စိတ်ဝင်တစား ဖတ်ရှုတတ်ခဲ့တယ် ။ တိုးတက်နေတဲ့ ခြင်္သေ့ကျွန်းကိုကြည့်ပြီး ၊ သူတို့သင်ပေးထားတဲ့ ပညာတွေနဲ့ ကျွန်မရဲ့ အမိဗမာပြည်ကို ကျေးဇူးဆပ်ချင်မိတယ် ။

အမိဗမာပြည်ရဲ့ လူမှုပတ်ဝန်းကျင်မှာ အလည်ပြန်တိုင်း စိတ်ကသိကအောက်ဖြစ်ပြီး မနေတတ်ဖြစ်ရတာတွက် ၊ တခါတလေတော့လည်း ကျွန်မကိုယ်ကျွန်မ စိတ်တိုမိတယ် ။ တချိန်လုံးမီးပျက်နေတဲ့နေ့တွေ ၊ နေရာတိုင်းမှာ လာဘ်စား လာဘ်ယူ ၊ ကြီးနိုင် ငယ်ညှင်း ၊ ငွေကြေးဖောင်းပွမှုများ .. စတာတွေ ပလုံဆီနေတဲ့ အမိမြန်မာနိုင်ငံမှာ ကျွန်မ တကယ်မနေတတ်ခဲ့ဘူး ။ အရာရာမှာ စနစ်တကျရှိတဲ့ ခြင်္သေ့ကျွန်းမှာကျတော့လည်း ၊ လုပ်ပုံကိုင်ပုံတွေ ကြိုက်နှစ်သက်ပေမယ့် ၊ သူတို့နဲ့ တန်းတူစကားတွေကို ပြောနေနိုင်ပေမယ့် ၊ တခုခု လစ်ဟာနေသလို ခံစားရတယ် ။ အဲဒါဘာလဲဆိုတော့.. ဘယ်သူမှ ဖျောက်ဖျက်စီးလို့မရတဲ့ အမိဗမာနိုင်ငံရဲ့သွေးတွေကြောင့်ပဲ ။

တကယ်တော့ ကျွန်မဟာ ဟိုမရောက် ဒီမရောက် အလယ်ခေါင်မှာ တစ်နေတဲ့ ၊ ဒေါင်းတောင်တွေပေါက်နေတဲ့ ကျီးတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အဲဒီကျီးဟာ ဘယ်လိုပုံစံပဲဖြစ်နေ ဖြစ်နေ ၊ ဘယ်လို ဘ၀ပဲရောက်ရောက် ၊ ဇစ်မြစ်ကိုမမေ့တတ်တဲ့ ကျီးတကောင်ဖြစ်မယ်ဆိုတာတော့ ကျွန်မတခဲနက်ယုံကြည်နေပါတယ်ဆိုတာ အာဇာနည်နေ့မှာ အမှတ်တရအဖြစ် ရေးမှတ်လိုက်ပါရစေ ။

(၁၈ ဇူလိုင် ၂၀၀၇ ည ၁၁နာရီ ၃၄မိနစ်)

ဂျူလိုင်ရဲ့နေ့စွဲများ





ဂျူလိုင်ရဲ့နေ့စွဲများ

19 July

၁၉၄၇ ဂျူလိုင်လ ၁၉ရက်

တဖွဲဖွဲရွာနေတဲ့မိုးက

ကံကြမ္မာဆိုးတစ်ခုကိုပစ်ချသွားတယ်

ဟိုးအဝေးက

ခပ်ရေးရေးလင်းနေတဲ့ရောင်စဉ်

သစ္စာဖောက်တွေလုယက်ယူငင်သွားကြတယ်

မုန်တိုင်းတွေအထပ်ထပ်ကြားမှာ

တခမ်းတနားထုဆစ်ခဲ့တဲ့

အနာဂတ်အတွက်စိတ်ကူးသစ်တွေ

မဝေရခင်မှာ ကြွေခဲ့ရတယ်

အဲဒီ့နေ့မှာ ...

မစဲပဲစွေနေတဲ့မိုး

မျှော်လင့်ခြင်းတွေကို ရိုက်ချိုးသွားတယ်။

7 July

၁၉၆၂ ဂျူလိုင်လ ၇ရက်

မိုးစက်တွေမြေပြင်ပေါ်အကျ

အနီရောင်ပြောင်းသွားကြတယ်

အဖြူရောင်ဆန္ဒတွေကို

သတ္တုကျည်ဖူးတွေနဲ့စီးတား

အဲဒီ့နေ့ဟာ ...

ရက်စက်မှုတွေနဲ့တူးခါးခဲ့တယ်

တရားမျှတမှုတို့ရဲ့အဝေးမှာ

အပြစ်မဲ့သူတို့ရဲ့သွေး

လွတ်မြောက်မှုအတွက်စတေးခဲ့ရတယ်

အဲဒီ့နေ့မှာ ...

ကျောင်းတော်ကြီးလည်းငိုရှိုက်

တက္ကသိုလ်နယ်မြေတစ်ခုလုံး မှောင်မိုက်သွားတယ်။

July

ဂျူလိုင်ရေ ...

မင်းရဲ့စာမျက်နှာတွေပေါ်မှာ

အခါခါရေးမှတ်ခဲ့ရတဲ့

နေ့ဆိုးတို့ရဲ့သမိုင်းကိုချိုးဖျက်

ငါတို့ရဲ့နှလုံးသွေးစက်တွေနဲ့

နေ့စွဲသစ်တစ်ခုကို

ရေးထိုးအဆုံးသတ်ကြမယ်။ ။



`၁၉ ဂျူလိုင်´





`၁၉ ဂျူလိုင်´

အဲဒီ့နေ့က …

တိမ်တွေက မိုးစက်တွေခြွေ

ထစ်ချုန်းမိုးတွေ စွေနေချိန်မှာ

မြေပြင်ထက်က ကြယ်တစ်ပွင့်

ကောင်းကင်ပေါ် ကြွေလွင့်သွားတယ် …။

အဲဒီ့နေ့က …

ပြည်သူတို့ရဲ့နှလုံးသားမှာ

ဒဏ်ရာဒဏ်ချက်တို့ပြည့်နှက်

မပြည့်စုံတော့တဲ့ မနက်ဖြန်တွေအတွက်

အိပ်မက်တွေ ကွပ်မျက်ခံခဲ့ရတယ် …။

အဲဒီ့နေ့ကပေါ့ …

မျှော်လင့်ချက် တအုံတကျင်းနဲ့

ဖြူစင်လင်းချင်းခဲ့တဲ့ အနာဂတ်တစ်ခု

ကံကြမ္မာရဲ့ လှည့်စားမှုတွေကြား

အမှောင်ထုဖြစ်သွားတယ်။ ။







တမ်းတ ပါသည် ၊ မမေ့နိုင်သည့် အာဇာနည်


အလွမ်းမျက်ရည် တွေ တဖြိုင်ဖြိုင် သွန်ချ

အဖိုးမဖြတ်နိုင်တဲ့ အာဇာနည်တွေ ဇီဝိန်ကြွေကျ ၊

ထိုနေ့ အခါသမယ ရောက်လေတိုင်း

အဘယ်သို့လေ မေ့နိုင် စွမ်းပေဘူး ၊

အာဇာနည် ဗိုလ်အောင်ဆန်း နှင့် အဖွဲ့ ကို ရည်စူးကာဖြင့်

တို့မြန်မာ ပြည်သူ ပြည်သားတွေက

တောင်းဆုတွေ နဲ့ ကောင်းမှုတွေ ထုံမွှမ်းကာ၊

အာဇာနည်ဂုဏ်ပုဒ် တွေကို ရေရွတ်လို့သာ တမ်းတရင်း ။ ။

အာဇာနည် ခေါင်းဆောင်ကြီးတွေ ကောင်းရာ သုဂတိ သို့ လားကြပါစေ......

အေးမြဇင်

ဦးညွှတ် အလေးပြုအပ်ပါသည်…



ဒီပုံတွေကို ဒီနိုင်ငံရောက်ပြီး သိပ်မကြာခင်မှာဘဲ ကျနော့် အိမ်ခန်းမှာ ချိတ်ဆွဲဖြစ်ခဲ့သလို အိမ်ကို လာလည်သမျှ နိုင်ငံခြားသားတွေကိုလည်း `ဒါဟာ ငါတို့ရဲ့ သူရဲကောင်းတွေ´ လို့ ၀ံ့ကြွားစွာ ပြောခဲ့ပါတယ်။

မနှစ်တုန်းကတော့ အာဇာနည်ကုန်းမှာ အာဇာနည်တွေကို အလေးပြုဖို့ သွားရောက်ကြတဲ့ လူငယ်တွေကို ရိုင်းပြစွာ တားမြစ်ခဲ့တဲ့ တာဝန်ရှိသူ ဆိုသူတွေကို ရုပ်သံက တဆင့် မြင်ခဲ့ရပါတယ်။

တကယ်တော့ အဲဒီလို တားကြဆီးကြနဲ့ အာဇာနည်ကုန်းမှာ ခြောက်သွေ့တိတ်ဆိတ်ခဲ့တဲ့ အာဇာနည်နေ့တွေ မနည်းခဲ့တော့ပါဘူး။ ဒီနှစ်ရော…။ သေချာပါတယ်။ `မလိုလားအပ်သော ဆူပူမှုများ မဖြစ်ပွားစေရန်´ ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အာဇာနည်ကြီးတွေကို ပြည်သူတွေ အလေးပြုခွင့် ရမယ် မထင်ပါဘူး။ လက်ရှိ အုပ်ချုပ်သူတွေလဲ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို အလေးပြုဖို့ သတိမရအားဘဲ သူတို့ လက်အောက် အစေအပါး တယောက်ယောက်ကိုသာ သတင်းဖော်ပြလို့ ကောင်းရုံ တာဝန်ကျေ စိတ်မပါလက်မပါ မျက်နှာနဲ့ အလေးပြုဟန် အဆောင်ခိုင်းအုံးမှာ မြင်ယောင်မိနေပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တယောက်ဟာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်းပွဲနဲ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွေကို တက်ဖြစ်အောင် တက်ရတယ်လို့ မှတ်သား လေ့လာရဖူးပါတယ်။ ဒါပေမယ့် အဲဒီ တက်ဖြစ်အောင် တက်ရမယ့် အခမ်းအနားမှာ အာဇာနည်နေ့ အခမ်းအနား မပါပါဘူး။ အခု လက်ရှိ အကြီးအကဲဆိုသူ တက်ရောက်ခဲ့တဲ့ အာဇာနည်နေ့ အလေးပြု အခမ်းအနားကိုလဲ ဘယ်သတင်းမှာမှ မဖတ်မိသေးပါဘူး။ ဒါဟာ ဘာဖြစ်လို့ပါလဲ။ တပ်မတော်ရဲ့ ဖခင်ကို အလေးမပြုကောင်းဘူးလို့ ထင်လေရော့သလား။

အာဇာနည်ကြီးတွေကို သူတို့တတွေ တန်ဖိုး မထားရုံနဲ့တင် အားမရဘဲ တန်ဖိုးထားတဲ့ ချစ်တဲ့ ပြည်သူတွေရဲ့ စိတ်သန္တာန်ထဲကပါ အာဇာနည်ကြီးတွေရဲ့ သမိုင်းပုံရိပ်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတာကတော့ ရင်နာစရာ အကောင်းဆုံး အချက်ပါပဲ။

ဒီလိုနေ့တွေ ဘယ်တော့များမှ လွန်မြောက်မှာပါလိမ့်…။ ကျနော် မသိပါ။ ဒါပေမယ့် အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဟိုလူတွေလို မေ့ပျောက် ပစ်ဖို့အထိတော့် ကျနော် မမိုက်မဲနိုင်ပါ။

မြန်မာ့ သမိုင်းမှ ဘယ်သောအခါမှ ပျောက်ပြယ် မသွားနိုင်သော၊ နိုင်ငံအတွက် အသက်ပေးသွားကြရသော ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို မြန်မာပြည်သူများစွာထဲမှ လူငယ် တယောက် ကျနော်သည်လည်း အခြားသော ပြည်သူများနည်းတူ ဦးညွှတ်အလေး ပြုအပ်ပါသည်။


ကလိုစေးထူး


(အမှန်ကတော့ ဒီပို့စ်ကို ကျနော် မနေ့ကတည်းက တင်ပြီး ဒီနေ့မှာ တခြားသော ဘလော့ဂါများ နည်းတူ ဆိတ်ငြိမ်စွာနဲ့ အလေးပြု အစီအစဉ်မှာ ပါဝင်မလို့ပါပဲ။ ဖြစ်ချင်တော့ အသစ်ရောက်လာတဲ့ ကရင်မိသားစု အိမ်မှာ ဘာစားစရာမှ မရှိတာကို သူတို့ အိမ်ကို သွားမိမှ သိရတော့ မနေ့က သူတို့ကို ဈေးဆိုင် လိုက်ပို့ရလို့ အိပ်ချိန်နီးမှ အိမ်ပြန်ရောက်တာနဲ့ပဲ ဒီနေ့မှ တင်ဖြစ်လိုက်ရတာပါ။ နားလည်ခွင့်လွှတ်ပေးကြပါလို့ ပန်ကြားရင်းနဲ့ပဲ သူငယ်ချင်းများရဲ့ အလေးပြု အစီအစဉ်ကို အခုပို့စ်နဲ့ ပူးပေါင်းလိုက်ပါကြောင်း)





အာဇာနည်မျိုး သေရိုးမရှိ

၁၉၈၈ မတိုင်ခင်က…
ကျောင်းပိတ်ရက်ဆိုရင် နေမြင့်တဲ့အထိ တအိမ်လုံး အိပ်နေကျ။
အဖေက ရုံးသမား... အမေက ကျောင်းဆရာမ..
ကျမတို့တတွေက ကျောင်းသမားတွေမို့ ပိတ်ရက်တွေက
တကယ် အနားယူတဲ့ နေ့တွေပါပဲ။
ဒါပေမဲ့ အာဇာနည်နေ့ပိတ်ရက်မှာတော့ …
နှစ်လနာရီ… အခါရာသီ ရွေ့ပေမဲ့ ..
အာဇာနည်နေ့ကိုဖြင့်.. မမေ့သင့်ပါသလေ…
ဆိုတဲ့ အဆိုတော် ဒေါ်မေလှမြိုင်ရဲ့သီချင်းနဲ့ မနက် ၇နာရီမှာ နိုးရပြီ။
အဖေက ညကတည်းက ပြောပြထားပြီးသားလေ။
အာဇာနည်နေ့မှာ မနက်စောကြီး ထ ရမယ်။
လုပ်စရာရှိတာတွေ စောစောလုပ်ထားရမယ်…တဲ့ ။
မနက် ၁၀နာရီခွဲဆိုရင်တော့ ကျမတို့ မိသားစု အိမ်ရှေ့ဝရံတာမှာ ရောက်နေပြီ။

ကျမတို့က ရွှေဘုံသာလမ်း(မဂိုလမ်း)အောက်လမ်းမှာ နေတာပါ။ ကျမတို့တိုက်က ရွှေဘုံသာလမ်းရဲ့အဆုံးမှာ ရှိပြီးတော့ ကမ်းနားလမ်းမကြီးဘက်ကို မျက်နှာလှည့်ထားတာ။ ကျမတို့အိမ်က လေးထပ်တိုက်ရဲ့ အပေါ်ဆုံး ထပ်။ ကျမတို့အိမ် ၀ရံတာက လှမ်းကြည့်ရင် ရန်ကုန်မြစ်ကြီးနဲ့ တဘက်ကမ်းက ဒလမြို့နယ်လေးကို လှမ်းမြင်နေရပါတယ်။ ပြီးတော့ အိမ်ရှေ့ ကမ်းနားလမ်းမကြီးဘေးမှာတော့ ဆိပ်ကမ်းက ကုန်တင်ရထားတွဲတွေ သွားတဲ့ ရထားလမ်းကလေး ရှိပါတယ်။

အာဇာနည်နေ့မှာတော့ မနက်၁၀နာရီခွဲဆိုရင် ကျမတို့ တတိုက်လုံးက လူတွေအားလုံး ကိုယ့်အိမ်ရှေ့ ၀ရံတာ လေးတွေမှာ အသီးသီးနေရာယူထားပါပြီ။ အဲဒီနေ့မှာ.. မေမေက အိမ်ရှေ့မျက်နှာစာ ၀ရံတာဘေးဘက် ဘောင်ပေါ်မှာ ပန်းအိုးထိုးထားပါတယ်။ တခြား အခန်းတွေကတော့ အလံလေးတွေ ကိုယ်စီ တိုင်ဝက် လွှင့်လို့။
ကျမတို့ အိမ်ကတော့ အဖေက မဆလ အလံကို အသိအမှတ်မပြုဘူးဆိုလို့ အလံ မရှိပါ။

၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။
တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့
မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။

ဥသြသံတွေ ရပ်သွားတာတောင် ကျမတို့ရဲ့ ငိုင်တွေ ငြိမ်သက်နေမှုက ပြန်လည် အသက်မ၀င်နိုင်သေးဘဲ ရှိနေ တတ်မြဲ။ ပြီးလျှင်တော့ အဖေက ဦးဆောင်ပြီး ကျမတို့ မိသားစု အာဇာနည်ကုန်းကို သွားတာပါပဲ။ အဲဒီတုန်းက လူတွေ သိပ်များတာပဲ။ အနယ်နယ် အရပ်ရပ်က လာကြတာပါ။ ကျမတို့တွေ စနစ်တကျ တန်းစီကြပါတယ်။ ကိုယ့်အလှည့်ရောက်ရင်တော့ ဗိုလ်ချုပ်တို့ရဲ့ အုတ်ဂူတွေရှေ့မှာ စနစ်တကျ တန်းစီပြီး ပန်းစည်းကလေးတွေ ချပြီး ကျမတို့ အလေးပြုကြပါတယ်။ အလေးပြုပြီးရင်တော့ တာဝါလိန်းလမ်း (ခု-ဗိုလ်ချုပ် ပြတိုက်လမ်း)က ဗိုလ်ချုပ်အိမ်ကို သွားကြပါတယ်။ တခါတလေ အဲဒီမှာ လူများလွန်း တန်းစီရလွန်းလို့ ဖေဖေက ရွှေတိဂုံ ဘုရား ဘက်ပဲ ဦးတည်ပါတယ်။

အိမ်ကို ညနေစောင်းပြန်ရောက်ရင်တော့ အိမ်ရှေ့ ၀ရံတာမှာ လေတဖြူးဖြူးနဲ့ ထိုင်ရင်း အဖွားပြောပြတဲ့ ဗိုလ်ချုပ်အကြောင်းတွေ နားထောင်ရပါတယ်။ ကျမ အဖွားက သူတို့ ပုသိမ် ကျောင်းကုန်းကို ဗိုလ်ချုပ် ရောက်တုန်းက အကြောင်းတွေ ၊ ဗိုလ်ချုပ်တို့ ကျဆုံးစဉ်က အကြောင်းတွေ.. အဖွားတို့ အော်ငိုကြရတာတွေကို ကျမတို့ မောင်နှမတွေ ၀ိုင်းဖွဲ့ နားထောင်ကြရတာ.. ခဏခဏ။

ည.. ၈နာရီ သတင်းအပြီးဆိုရင်တော့ ရေဒီယိုက ဗိုလ်ချုပ် မိန့်ခွန်းတွေ လွှင့်ပေးတာကို တအိမ်လုံး ငြိမ်ပြီး နားထောင်ကြပါတယ်။ သိပ်မသဲကွဲလို့ နားမရှင်းရင် အဖေက ပြန်ရှင်းပြပေးပါတယ်။ ရေဒီယိုက လွှင့်ပြီးသွားပေမဲ့
ကျမတို့ မောင်နှမတစုရဲ့ အမေးတွေ ကတော့ မပြီးနိုင်သေး။ အဖေ့မှာ ဆက်ပြီး ဖြေနေရတတ်ပါတယ်။

အဲဒီတုန်းကတည်းက အဖေက ဗိုလ်ချုပ်အကြောင်းကို ပြောရင်း ဦးနေ၀င်းရဲ့ အတ္တကြီးတာတွေ၊ မသမာမှုတွေ၊ တိုင်းပြည်အပေါ် စေတနာနည်းပါးမှုတွေနဲ့ တွဲပြောပြနေကျ။ ဒါကြောင့်ပဲ ဗိုလ်ချုပ်ဟာ ကျမတို့ နှလုံးသားထဲမှာ အမြင့်မြတ်ဆုံး ခေါင်းဆောင်အဖြစ် နေရာယူခဲ့တာပါ။ အဲလိုပဲ အာဇာနည်ကြီးတွေရဲ့ တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံမှုတွေ၊ သတ္တိ ဗျတ္တိတွေ၊ တိုင်းပြည်ချစ်စိတ်တွေကို မြတ်နိုးရကောင်းမှန်း လေးစား အားကျ ရ ကောင်းမှန်း သိခဲ့တာပါ။ မွန်မြတ်တဲ့ မြင့်မြတ် တဲ့ ခေါင်းဆောင်ကောင်းဆိုတာ ဒီလိုရှိရမှာပါလားလို့ သိတတ် မြင်တတ်ခဲ့တာပါ။

ခုတော့.. ကျမတို့ နိုင်ငံမှာ ဗိုလ်ချုပ်နဲ့တကွ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ဖူးသူတွေရဲ့ သမိုင်းကို တဖြည်းဖြည်း ပျောက်ကွယ်သွားအောင် လုပ်ကြံတာကို ခံနေရပြန်ပါပြီ။ ကျမတို့ မြန်မာနိုင်ငံသမိုင်းမှာ အရေးပါ လှတဲ့သူတွေကို စစ်အစိုးရက ပျောက်ပျက်အောင်
သေသေချာချာကို လုပ်နေတာပါပဲ။

ဗိုလ်ချုပ်ပုံတွေကို ပိုက်ဆံတွေပေါ်ကနေ ဖျောက်ဖျက်ပစ်တာက စလို့ ကျောင်းတွေမှာ ဗိုလ်ချုပ်အကြောင်း မသင်ရ။ ဗိုလ်ချုပ်အကြောင်း မပြောရ။ စာနယ်ဇင်းတွေမှာ ဗိုလ်ချုပ်အကြောင်းမရေးရ.. ဆိုတာတွေ လုပ်လာ ပါတယ်။ အဲဒီအပြင် ဗိုလ်ချုပ်အောင်ဆန်းမိသားစုအကြောင်း ရေးပြီး စာအုပ်ထုတ်တဲ့ စာရေးဆရာ သန်းဝင်းလှိုင် ဟာ
၂၀၀၀ခုနှစ် ဇွန်လမှာ ထောင်ဒဏ် ၇နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ အဲလိုပဲ ၂၀၀၅ခုနှစ် ကုန်ပိုင်းလောက်မှာ လည်း တွံတေးမြို့က ဆရာဦးအောင်ဖေဟာ ကျူရှင်မှာ ကျောင်းသားတွေကို ဗိုလ်ချုပ်အကြောင်း ပြောပြပြီး ဗိုလ်ချုပ်ပုံကို အလေးပြုတာကြောင့် ခုထိ ထောင်ကျခံနေရတာပါ။ ဒါတွေဟာ စစ်အစိုးရရဲ့ သိပ်ကို ပက်စက်တဲ့ ရုပ်ဆိုးတဲ့ အဖြစ်အပျက်တွေပါပဲ။

သူတို့ဟာ တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်ရဲ့ အထင်ကရ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ နှစ်၆၀တုန်းက ဂဠုန်ဦးစောက ရာထူးအာဏာအတွက် နိုင်ငံ့ခေါင်းဆောင် မီးရှူးတန်ဆောင်ကို လုပ်ကြံခဲ့တဲ့ အတွက် သမိုင်းမှာ သားစဉ်မြေးဆက် ရုပ်ဆိုးခဲ့ပါပြီ။ သားသမီး မြေးမြစ်ထိအောင် သိမ်ငယ်ခဲ့ရပါပြီ။ ဗိုလ်ချုပ်က တော့ လူသာ ကျဆုံးသွားခဲ့ပေမဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကတော့ ပိုတောင် တောက်ပလာခဲ့ပါတယ်။ အခု စစ်အစိုးရရဲ့ ခေါင်းဆောင်များကလည်း ဖခင်ဗိုလ်ချုပ်ရဲ့ကျေးဇူးကို လုပ်ကြံဖို့ ကြိုးစားနေပါပြီ။ သူတို့သမိုင်း ကတော့ဖြင့် ခု မသေခင်မှာတောင် အတော်ပုပ်ပွနေပါပြီ။

သူတို့ ဗိုလ်ချုပ်ကို ဘာကြောင့် ဖျောက်ဖျက်ချင်ရသလဲ..။
ကျမတွေးကြည့်တာတော့ ....
ဗိုလ်ချုပ်ဟာ သေသည့်ထိ ဂုဏ်သိက္ခာတန်ဖိုး အလွန်မြင့်မားခဲ့သူ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဟာလည်း ဂုဏ်သရေ တန်ဖိုး ကြီးမြင့်သူ။
ဗိုလ်ချုပ်ရဲ့ တဦးတည်းသောသမီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗိုလ်ချုပ်သာ
ခုထိ အသက်ထင်ရှား ရှိသေး ရင် လက်ခမောင်း တဖြောင်းဖြောင်းခတ်ပြီး ဂုဏ်ပြုရမယ့် သမီး..။

အင်းး သူတို့မှာကတော့……………………။

ကျမတို့ကတော့ သူတို့က ဗိုလ်ချုပ်တို့ရဲ့ အခန်းကဏ္ဍကို ဖျောက်ဖို့ ကြိုးစားလေလေ…
ဗိုလ်ချုပ်ရဲ့ တန်ဖိုးကို ပို သတိရလေလေ..။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို သူတို့ ဖျောက်ဖို့ မှေးမှိန်အောင်လုပ်ဖို့ ကြိုးစားလေလေ..
အန်တီစုရဲ့ အရောင်အ၀ါ ဂုဏ်ကျက်သရေက ပိုပြီး တောက်ပ-လာလေလေ…။
အမှောင်ထုနဲ့ ယှဉ်လို့ ပိုလင်းတဲ့ လမင်းလို.. ကြယ်စင်လို…
အာဇာနည်မျိုး သေရိုးမရှိပါ..။

မေငြိမ်း (ဇူလိုင်၁၇)


အာဇာနည်နေ့ တေးသီချင်းများ


ရှားပါးသီချင်းလေးတွေ တင်ပေးနေပါတယ်. ဒါပထမဆုံးအပုဒ်ပါ. နောက်ထပ်သီချင်း လေးများကို ထပ်တင်ပေးသွားပါမယ် ခင်ဗျာ.

အလေး...ပြု(မေလှမြိုင်)

အာဇာနည်များ အကြောင်း



အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ရာထူးနဲ့ ဌာတွေကို ကျွန်တော်သိသလောက် ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်
၁၉၁၅ - ၁၉၄၇

၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၂ရ၆ခု၊ တပေါင်းလဆန်း ၁ ရက်) စနေ့နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အကြောင်းကတော့ တော်တော်များ သိကြပြီး ဖြစ်တာကြောင့် ထူးထူးထွေထွေ မတင်ပြတော့ပါဘူး။



သခင်မြ
၁၉၈၇ - ၁၉၄၇

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၈၉၇ ခု၊ အောက်တိုဘာလ ၇ ရက်၊ ကြသာပတေးနေ့ ည ၇ နာရီအချိန်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ ဖွားမြင်သည်။ အဘ ဦဘိုးချွန်၊ အမိမှာ ဒေါ်သက်လယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မြရွှေဖြစ်သည်။
၁၉၃၆ တွင် သခင်တစ်ယောက် ဖြစ်လာသည်။ စစ်အတွင်းတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ်လည်းကောင်း ဒုတိယ၀န်ကြီးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘချို
၁၈၉၃ - ၁၉၄၇

ဦးဘချိုသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦဘချိုသည် မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုစော ဒေါ်စောမြစ်တို့မှ ၁၈၉၃ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွာမြင်သည်။
ဦဘချိုသည် ဒီဒုတ်ဂျာနယ်ကို ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်ဖြင့်တွဲကာ ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဟု အများက သိခဲ့ကြသည်။
သူ၏ ဒီးဒုတ်ဂျာနယ်သည် အမျိုးသား လွပ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသာ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်း အောင်လံဂျာနယ် တစ်စောင်ဟု သိခဲ့ကြသည်။
၁၉၂၇ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် တွင် ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံခဲ့ ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးရာဇတ်
၁၈၉၈ - ၁၉၄၇

ဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ၀န်ကြီး အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥဒေရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဦးရာဇတ်ကို မတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ခု ဇန်န၀ါရီလ ၂၀ ရက်တွင် ဖွားမြင်သည်။
စစ်အတွင်းက ပိတ်ထားခဲ့သော အမျိုးသား ကျောင်းကြီးကို ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ဦးဘ၀င်း
၁၉၀၁ - ၁၉၄၇

ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၀န်ကြီးဖြစ်သည်။
နတ်မောက်မြို့တွင် အဖ ရှေ့နေဦးပါ ဒေါ်စုတို့မှ ၁၉၀၁ခု ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် လည်းပါဝင်ခဲ့သည်။


မန်းဘခိုင်
၁၉၀၃ - ၁၉၄၇

မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် မန်းဘခိုင်သည် ကရင်နီ ခေါင်းဆောင်လည်း ဖြစ်သည်။
မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာ တွင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။
၁၉၃၇ တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်းတည် ဆောက်ခဲ့သည်။


မိုင်းပွန်စော်ဘွားစ၀်စံထွန်း
၁၉၀၇ - ၁၉၄၅

မိုင်းပွန်စောဘွားစ၀်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။
မိုင်းပွန်စေားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့မှ ၁၉၀၇ ခု၊ မေလ ၃၁ ရက် သောကြာနေ့တွင် ဖွားမြင်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ လူနည်းစု ဆိုင်ရာ ဆပ်ကော်မတီ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲသည်။


ဦးအုန်းမောင်
၁၉၁၃ - ၁၉၄၇

ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။
မင်းဘူးမြို့ မစ္စတာ XW.တရပ်(တ်) ၀န်း ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။


ရဲဘော်ကိုထွေး
၁၉၂၉ - ၁၉၄၇

ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး ဒေါ်မင်းရီတို့၏ ဆဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့ဘူးပြီး ကွယ်လွန်ချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသည်


အထက်ပါ အကြောင်းအရများကို ၃၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်မှတ် စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ယင်းစာအုပ်ကို အများဖတ်နိုင်ရန်အတွက် ကိုစစ်အိမ်မှ ယနေ့ နေ့လည်တွင် မအားသည့်ကြားမှာ အီဘုတ် စာအုပ် အဖြစ်ဖန်တီးပေးခဲ့သည်။ စာအုပ်ကို ဒီနေရာက ဒေါင်းလုပ်လုပ်ယူပါ


စိုးဇေယျထွန်း






အမှတ်ရမိတဲ့ အာဇာနည်နေ့ တနေ့

အမှတ်ရမိတဲ့ အာဇာနည်နေ့ တနေ့

၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မှာ ကျမတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် အဖြစ် ထိန်းသိမ်းခဲ့ပါတယ်။ ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့သလဲဆိုတဲ့ ဖြစ်စဉ်ကတော့ ဒီလိုပါ။ အဲဒီ ၁၉၈၉ ခုနှစ် အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့ အတူ အာဇာနည် ကုန်းကို ချီတက် အလေးပြုမယ်ဆိုပြီး ကျေညာ ထားခဲ့ပါတယ်။လူထုကလည်း ပူးပေါင်းပါဝင်ဖို့ အလွန် တက်ကြွစွာ စုရုံးနေပါပြီ။ စစ်အုပ်စုကလည်း အာဇာနည်နေ့မှာ လူအုပ်စုနဲ့ ချီတက် အလေးပြုခဲ့ရင် ပုဒ်မ၁၄၄ (လူငါးယောက်ထက်ပိုမစုရ) နဲ့ ဖမ်းဆီးအရေးယူမယ်လို့ ကျေညာထားတဲ့အပြင် အဖမ်းမခံပဲ ဆက်လက်ချီတက်တဲ့သူ များလာရင် အကြမ်းဖက် နှိမ်နင်းဖို့အတွက် ရန်ကုန်မြို့အတွင်းမှာ စစ်အင်အားကို တိုးချဲ့ ချထားလိုက်ပါတယ်။ အဲဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကလူကြီးတွေနဲ့ အခြားနိုင်ငံရေးသမား ဟောင်းကြီး တွေက ဒေါ်အောင်ဆန်းစုကြည်ကို အစီအစဉ်ဖျက်လိုက်ဖို့ နဲ့ ကိုယ့်ရဲ့ နောက်လိုက်ကောင်းတွေကို အဓိပ္ပါယ်မဲ့ မသေစေချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တားဆီးပါတော့တယ်။ နောက်ဆုံး အစီအစဉ်ကို ဇူလိုင်လ ၁၉ ရက်နေ့ မနက်စောစောမှာ ဖျက်သိမ်းလိုက်ကြောင်း ကျေညာလိုက်ပါတယ်။

အဲဒီကျေညာချက်ကို မသိတဲ့ သူတွေ အများကြီးလလမ်းပေါ်ကို ရောက်လာကြပါသေး တယ်။ တချို့တွေ လည်း ခေတ္တအဖမ်းခံရ၊ တချို့တွေလည်း အရင်ထဲက ဖမ်းချင်တာနဲ့ ရောပြီး ဖမ်းဆီးထောင်ချနဲ့ နိုင်ငံရေး လှုပ်ရှားသူများ ၀န်းကျင်မှာ တော်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အား ကို သိသွားတဲ့ စစ်အုပ်စုဟာ သူမကို လွှတ်ထားရင်တော့ မဖြစ်တော့ဘူးဆိုပြီး အမြန်ဆုံး အစည်းအဝေး ထိုင်ပြီး ဖမ်းဆီးထိန်းသိမ်း လိုက်ပါတော့တယ်။

ဒီအဖြစ်အပျက်ဟာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မကျင်းပမှီ ၊ ပါတီတွေ မဲဆွယ်ချိန် အဖြစ်ပေးချိန်တွေ ရောက်ဖို့ အများကြီးလိုပါသေးတယ်။ စစ်အုပ်စုရဲ့ အတွေးထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းထိန်းထားလိုက်ရင် ကျန်တဲ့ သူတွေနဲ့ ပြည်သူတွေကိုတော့ ငါတို့ နိုင်ပြီးသားလို့ တွက်ထားပုံရပါတယ်။

သူတို့စစ်အုပ်စုရဲ့ အထင်နဲ့ အမြင်ကတော့ အစဉ်အလာအတိုင်း လွဲသွားခဲ့တယ် ဆိုတာ ၁၉၉၀ မေလ ၂၇ ရက်နေ့ ရွေးကောက်ပွဲရဲ့ အဖြေက အထင်အရှားပြခဲ့ပါတယ်။

ဒီလိုနဲ့…………….

အကြောင်းကြောင်းသော အကြောင်းကြောင်းတွေထဲက နိုင်ငံရေးကစားကွက်ရွှေ့ဖို့ ၊ သူတို့စွဲထားတဲ့ ပုဒ်မ၁၀(ခ) နေအိမ်အကျယ်ချုပ်သက်တမ်း တနှစ်တကြိမ် သက်တမ်း တိုးခွင့်ကလည်း နောက်ဆုံး ငါးကြိမ်မြောက် ပြည့်သွားပြီးမို့ လွှတ်ကိုလွှတ်ရမယ့် ရက်ဇူလိုင်လ ၂၀ ရက် မတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ယုံကြည်မှု တည်ဆောက်ပြမယ် လို့ ကြွေးကြော်သံနဲ့ ၁၉၉၅ ဇူလိုင်လ ၁၀ ရက်နေ့မှာ လူထုခေါင်းဆောင် ရွေးကောက်ပွဲ အနိုင်ရ ပါတီရဲ့ အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ကို ပထမအကြိမ် နေအိမ် အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။

လွှတ်ပေးခဲ့တာကလည်း ဇူလိုင်လ ဖြစ်နေလေတော့ ပြည်သူလူထုကြားမှာ ဒေါ်အောင်ဆန်းစုကြည် တော့ ဒီနှစ်အာဇာနည်နေ့ကို လာမှာပဲလို့ တယောက်စကား တယောက်နား ကနေ သတင်းစကား ပြန့်နေပါတော့ တယ်။ ကိုယ့်ခေါင်းဆောင်လာရင် သူနဲ့အတူ ပြည်သူလူထုတွေက အာဇာနည်ခေါင်းဆောင်ကြီးတွေကို စုစုစည်းစည်း အလေးပြုချင်ကြတဲ့ ဆန္ဒကလည်း များနေတာမို့ အဲဒီ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ဟာ တော်တော် လူများတယ်လို့ ပြောရမယ်။ ရောက်နှင့်သူတွေကလည်း လာတော့မလားဆိုပြီး မပြန်ကြ ၊ နောက်ထပ် လူတွေက ရောက်လာနဲ့ လုံခြုံရေးအရ ရှာဖွေရေးလည်း မလုပ်တဲ့အချိန်ဆိုတော့ လူတွေက များမှများပါပဲ။

စစ်အုပ်စုရဲ့ အာဇာနည်နေ့အခမ်းအနားကိုလည်း ကျမတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖူးဆိုတော့ လူထုကလည်း အများကြီးမျှော်လင့်ကြတာပေါ့။ ကျမတို့လည်း လူထုထဲက လူတွေဆိုတော့ အဲဒီနေ့က ညနေထိ ဇွဲကောင်းကောင်းနဲ့ စောင့်ပြီး တနာရီတခါ အလေးပြုနေတဲ့ ပြည်သူတွေနဲ့ အတူအလေးပြုခဲ့ရတာလဲ အကြိမ်ကြိမ်လေ။

ပျားပန်းခတ်မျှ ဆိုသလို လူတွေ ပြည့်ကျပ်နေပြီး တယောက်နဲ့ တယောက် အကြည့်တွေမှာလည်း တို့တွေ ဘက်တဘက်ထဲကနော်ဆိုတဲ့ တက်ကြွလေးစားတဲ့ အကြည့်တွေနဲ့ ဆိုတာလည်း သိသာထင်ရှားစွာ မြင်မိ ခံစားမိနေကြပါသေးတယ်။

နယ်မြို့လေးမှာနေတဲ့ ကျမအဖို့ အာဇာနည်ကုန်းကို အာဇာနည်နေ့မှာ ရောက်ရှိပြီး ကိုယ့်လိုပဲ တကယ့်ကို ရင်ထဲကလေးစားနေကြတဲ့ ပြည်သူလူထုအစစ်အမှန်တွေနဲ့ အတူတကွ လှိုက်လှိုက်လှဲလှဲ ဦးညွတ်အလေးပြုခဲ့ ရတာလဲ ပထမဆုံးနဲ့ နောက်ဆုံး တကြိမ်တည်းသော အတွေ့အကြုံအဖြစ် ဘ၀တသက်တာမှာ မှတ်မှတ်ရရ ရှိနေခဲ့ပါတယ်။

(ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လှိုက်လှဲစွာ

ဦးညွတ်အလေးပြုလိုက်ပါသည်၊)

ချစ်ခင်စွာဖြင့်

ခင်မင်းဇော်

(၁၈၊ ၇၊ ၂၀၀၇)


အာဇာနည်နေ့ ဒို့မမေ့ (သို့မဟုတ်) ၁၉ ဇူလိုင် မမေ့နိုင်




ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးစသည့် ရေးရာ အဖြာဖြာနှင့် ပါတ်သက်၍ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များစွာ ရှိသည့် အတိုင်း အမြတ်တနိုး ကျင်းပလေ့ ထိန်းသိမ်းလေ့ ရှိကြသည်။ Globalization ဖြစ်လာသည့် အတွက် တခြားနိုင်ငံများဆီမှ အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် ယှက်နွယ်သော နေ့ထူးနေ့မြတ်များဖြစ်သည့် ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ကမ္ဘာ့ ကြက်ခြေနီနေ့၊ ကမ္ဘာ့ ဘလော့ဂ်နေ့ စသည်ဖြင့် စိမ့်ဝင်လာသော နေ့ ရက်များတစတစ များပြားလာသည်နှင့် အမျှ ကျမတို့ ဇာတိမြေ အမိနိုင်ငံတော်မှာလည်း လေးစားဖွယ်၊ မြတ်နိုးဖွယ်ကောင်းတဲ့ အစဉ်အလာနှင့် တကွ သမိုင်းဝင်ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်နဲ့ ပါတ်သက်တဲ့ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်များကို မေ့ထားဖို့ မသင့် ပါဘူး။

ကိုပုထုဇဉ်ကသူ့ ရဲ့ ပို့စ်တစ်ခုထဲက မှတ်ချက်မှာ ပြောဖူးတယ် “ဆဲဗင်းဇူလိုင်လို နေ့မျိုးကို မှတ်မိနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ မမှတ်မိအောင် သမိုင်းမှာ အသေအချာ အာဏာနဲ့ ဖျောက်ဖျက်ခံထားရတဲ့ နေ့မို့လို့ကို မှတ်မိတာပါပဲ။

ဥပမာပေးရရင် ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်မင်းမြတ်ရဲ့ မွေးနေ့ကို မမှတ်မိရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ဘူး။ ဘုရင်ကို စိတ်ထဲက အမြဲလေးစားနေရင် ပြီးတာပါပဲ။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ထဲက နေ့တစ်ရက်ပဲ၊ ဘာဖြစ်လဲပေါ့။ အဲဒီမွေးနေ့ကို ကိုယ်မမှတ်မိရင် မှတ်မိတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ သူတို့တွေက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ လှုံ့ဆော်ခွင့် ရှိလို့ လှုံ့ဆော်ရင် မေ့နေသူများလည်း သတိရမှာပဲ၊ ဒီအစဉ်အလာ အဖြစ်အပျက်ကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ သမိုင်းစာမျက်နှာတွေ ပေါ်မှာရှိနေမှာပဲ၊ ပြဋ္ဌာန်းစာအုပ်တွေထဲမှာလည်း နေရာပေး ဖော်ပြခံနေရတာပဲ။ အဲဒီတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းဘုရင်မွေးနေ့ကို မှတ်မိဖို့ အထူးအားထုတ်နေစရာ မလိုဘူး၊ မေ့လည်း ကိစ္စမရှိဘူး၊ It makes little difference, so they can afford to forget it.

ဆဲဗင်းဇူလိုင်၊ ကိုဖုန်းမော်နေ့ စတဲ့နေ့များကြတော့ လုံးဝ မတူတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေက ဒီလိုနေ့မျိုးတွေကို မသိလေကောင်းလေ၊ သိပြီးသူတွေလည်း မမှတ်မိလေ ကောင်းလေဆိုပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေရှိတယ်၊ ဒီအကြောင်းတွေ ဘယ်ပြဋ္ဌာန်းစာအုပ်မှာမှ မပါဘူး။ တနိုင်ငံလုံး ထုတ်ဝေခွင့်ရနေတဲ့၊ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေတဲ့ စာအုပ်တွေထဲမှာ အရေးတယူ ဖော်ပြခံရတာ မရှိဘူး။ အဲဒီတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော်တို့ကမှ မမှတ်မိရင် အနာဂတ်မှာ ဘယ်သူကမှ မှတ်မိမှာမဟုတ်ဘူး၊ သမိုင်းကနေ တခါတည်း ပျောက်သွားမှာပဲ။ တနည်းပြောရင် ဒီလို ဆဲဗင်းဇူလိုင်လို အဖြစ်အပျက်မျိုးဟာ “စာမျက်နှာပေါ် အတင်မခံရတဲ့ သမိုင်း” ဖြစ်တဲ့အတွက် “နှလုံးသားထဲမှာ ထည့်ကို ထည့်ထားရမယ့် သမိုင်း” ဖြစ်နေတယ်။ အထူးသဖြင့် မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဖြစ်တယ်။ အခုကိစ္စမှာ မျိုးဆက်သစ်တွေကို အပြစ်ပြောနေတာ မဟုတ်ပါ။ မသိလို့ မရှိတာ ဘယ်တတ်နိုင်ပါ့မလဲ။ သိပြီးတဲ့ နောက်မှာတော့ ရှိနေစေချင်တာပါပဲ။ သူတို့မှ ဒီအကြောင်းတွေကို မမှတ်မိရင်၊ မသိရင်၊ ဒီအဖြစ်အပျက်တွေဟာ အသက်တွေကြီးလာပြီဖြစ်တဲ့ လူဟောင်းတွေနဲ့အတူ သမိုင်းက တခါတည်း ပျောက်သွားမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကြတော့၊ It makes a huge difference, so we cannot afford to forget.”

မနက်ဖြန် ဇူလိုင်(၁၉) ရက်နေ့ ဟာဆိုရင်လဲ ကျမတို့ အတွက် မမေ့သင့် မမေ့ အပ်တဲ့ ကျမတို့ နိုင်ငံရဲ့ သမိုင်းမှာ အလေးအမြတ်ထားကိုထားရမဲ့ မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဝင် အာဇာနည်နေ့ ဖြစ်ပါတယ်။
ကိုကဒေါင်းညင်သာကလဲ “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။” ဆိုပြီး ဆော်သြထားပါသည်။

အာဇာနည်နေ့ ဆိုတာနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့ စာသံပေသံနဲ့ မပြောပဲ ကျမ ရိုးရိုးရှင်းရှင်း နားလည်ဖူးတာက စွန့်လွှတ်စွန့်စားရဲ၍ အာဂသတ္တိနှင့် ပြည့်စုံသော သားကောင်းဇာနည်တွေကို ဆိုလိုတယ်လို့ ဟိုးငယ်ငယ် ၆တန်း၇တန်း လောက်တုန်းကထဲက မှတ်သားဖူးတာပါ။ ဒါဆိုရင် “အာဇာနည်နေ့ ” ဆိုတာကရောလို့ မေးလာခဲ့ရင် ကျမတို့ အဘိုးအဘွားတွေ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ ကိုလိုနီ ကျွန်သဘောက်ဘ၀နဲ့ နေခဲ့ ကြရတုန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်၊သွေး၊ချွေး နဲ့ ရင်းပြီး တိုက်ယူခဲ့ ကြတဲ့ တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဒီအာဇာနည်ကြီး(၉) ဦးဟာ ဂဠုန်ဦးစောရဲ့ မသမာတဲ့ လုပ်ကြံမှုကြောင့် ဇူလိုင်(၁၉) ရက်နေ့ အတွင်းဝန်များရုံးမှာ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံရပြီး ကျဆုံးခဲ့ ရတဲ့ နေ့ကို သမိုင်းဝင်အထိမ်းအမှတ် အနေနဲ့ အာဇာနည်နေ့ ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်မပျက် အလေးပြုလို့ ၀မ်းနည်းဂုဏ်ယူခဲ့ ရတာကို ၁၉၈၈ မတိုင်မီအထိတော့ အမှတ်တရရှိခဲ့ ပါတယ်။

ဇူလိုင်လ(၁၉) ရက်နေ့ ရောက်တိုင်း မနက် ၁၀း၃၇ မှာ ဥသြသံဆွဲပြီး လမ်းထဲ၊ ရပ်ကွက်ထဲ၊ မြို့ ထဲမှာရှိသမျှ ပြည်သူပြည်သားအားလုံး ငြိမ်သက်စွာ အလေးပြုခဲ့ ကြတာပါ။ အဲဒီတုန်းက ကျမက (၇)တန်းကျောင်းသူလောက်ထိပါပဲ။ ဆရာမမေငြိမ်းရဲ့ အာဇာနည်နေ့ အလွမ်းဆိုတဲ့ ပို့စ်လေးထဲမှာလဲ “၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။ တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့ မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။”
ဆိုပြီးတော့ အတိတ်တချိန်က သမိုင်းဝင်နေ့ လေးဆီကို ထပ်တူထပ်မျှ သတိရမိစေပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရင်း ကျမရဲ့ ကိုယ်ထဲမှာလည်း ရဲရဲနီတဲ့ အာဇာနည်သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျမလဲ ကြီးလာလို့ လူကြီးဖြစ်ရင် တနေ့နေ့ကျ နိုင်ငံတော်အတွက် သစ္စာစောင့်သိရိုသေပြီး တိုင်းပြည် အကျိုးအတွက် ကိုယ့် အသက်၊သွေး၊ချွေးကို နောက်မတွန့် စတမ်း စွန့် လွှတ် စွန့်စားရဲတဲ့ အာဇာနည်တွေထဲက အာဇာနည်တစ်ယောက် ဖြစ်စေရမယ်လို့ ရင်ထဲမှာ ကြွေးကြော်ခဲ့ ဖူးပါတယ်။

ကျမသင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းထဲက အနော်ရထာမင်း၊ ကျန်စစ်သား၊ ဘုရင့် နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ စတဲ့ သူရဲကောင်းကြီးတွေနဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ကြီးများကိုလည်း အထင်ကြီးလေးစားခဲ့ မှုက ကမ္ဘာ့ သမိုင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်များရဲ့ အကြောင်းခြင်းရာများနဲ့ ချိန်ထိုးသုံးသပ်ကြည့်ရင် မြန်မာဖြစ်ရတာကိုက တန်ဖိုးထား ဂုဏ်ယူစရာ အချက်ဖြစ်မိသေးတယ်။ ဒီလို မြတ်နိုးချစ်ခင်ခြင်း၊ အလေးအမြတ်ပြုခြင်းဆိုတဲ့ ခံစားမှုတွေဟာ ဇွတ်အတွင်း သွတ်သွင်းလို့ ရတဲ့ ခံစားမှုများ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ခက်တာက အခြေခံပညာကျောင်းများသာမက အဆင့် မြင့် ပညာ(တက္ကသိုလ်) ကျောင်းများမှာတောင်မှ သမိုင်းဘာသာ သင်ကြားမှုသည် မေးမှာကိုပဲသင်ပြီး၊ သင်တာကို မတွေးပဲကျက်၊ ကျက်ထားတာကိုပဲ အလွတ်ပြန်ရေးနဲ့ အချိန်သိပ်မကြာခင် အကုန်မေ့သွားတဲ့ အပြင် အာဇာနည်နေ့ ကဲ့သို့သော မိမိတို့ နိုင်ငံ ၊ မိမိတို့ လွတ်လပ်ရေး သမိုင်းနဲ့ ပါတ်သက်တဲ့ နေ့ထူးနေ့မြတ်၌ ကျောင်းပိတ်၊ ရုံးပိတ်၊ ဈေးပိတ်၊ အလုပ်ခွင်များ ပိတ်ရုံမှလွဲ၍ မည်သည့် အထိမ်းအမှတ် အလေးဂရုပြုခြင်းမျှလည်း မရှိသဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့၏ ကိုယ်ထဲတွင် ရဲရဲနီသော အာဇာနည်သွေးတို့ ပွက်ပွက်ဆူဖို့ဝေးစွ၊ အာဇာနည်နေ့ ဆိုသည်မှာ ဘာနေ့လဲ၊ ဘာအတွက်လဲ၊ ဘယ်လိုသမိုင်းဝင်လဲ၊ အာဇာနည်ကြီး (၉)ဦးမှာ မည်သူတွေနည်း စသည့် မေးခွန်းများကိုကောင်းစွာ ဖြေဆိုနိုင်မည့် စိတ်ဝင်တစားရှိမည့် အရေအတွက်သည် လက်တစ်ဆုပ်စာ ၁% မျှသာ ရှိမည်ဆိုလျှင် ရင်နာဖွယ်ကောင်းပေချိမ့် မည်။

ထိုသို့ မဖြစ်ရလေပဲ ၁%များ ဖွေးဖွေးလှုပ်သော် ၁၀၀% ကျော်လေအောင် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း စသည့် စာများကို မြန်မာဘလော့ဂါများမှ တတပ်တအား ၀ိုင်းဝန်း၍ ရေးသားကြပါရန် ဆက်လက် တိုက်တွန်းပါရစေ။

စာကြွင်း။ ။ အာဇာနည်နေ့ နဲ့ ပါတ်သက်တာ တခုခုရေးဖို့ အတွက် ဘလော့ဂါသူငယ်ချင်း စည်းအပြင်ကကိုဖြိုးမှ Tag ထား၍ သော်လည်းကောင်း ကိုရန်အောင်မှ “အာဇာနည်နေ့ဆိုတာကို မေ့မေ့ပျောက်ပျောက် ဖြစ်အောင် အလုပ်ခံထားရတဲ့ အခြေအနေမှာ မျိုးချစ်ဘလော့ဂါများက မိမိတို့ သိသမျှတတ်သမျှနဲ့ ငုပ်လျှိုးကွယ်ပျောက်လု ဖြစ်နေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို နှိုးဆော်ထုတ်ဖော်ရင်း ဘလော့ဂါများက မိမိတို့ရေးထားတဲ့ ပို့စ်လေးများကို ဖြစ်စေ၊ အသစ်ရေးသားပြီး ပို့စ်လေးများကို ဖြစ်စေ တစ်နေရာတည်းမှာ စုစည်းဖော်ပြဖို့ အစီအစဉ်” လေးအတွက် စိတ်ပါဝင်စားစွာရေးသားရင်း ကျမ ထပ်မံ၍ Tag လုပ်ချင်သောသူများမှာ -
(၁) သူငယ်ချင်းကြီး မျက်လုံး
(၂) သူငယ်ချင်းလေး နေဘုန်းလတ်
(၃) ချစ်ရတဲ့ မဂျစ်
(၄) အလုပ်ရှုပ်အောင်လုပ်နေကြ ရန်အောင်
(၅) အမြဲကူညီပေးနေကြ ကိုချမ်းမြစိုး
(၆) ဂျာနယ်ရှော်ဂေါက်
(၇) ကိုတက်စလာ နဲ့
(၈) ကိုမောင်ရင် တို့ ပါ။
ကျေးဇူးပြု၍ အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ၀တ္ထုတို၊ အက်ဆေး၊ သမိုင်းမှတ်တမ်း တခုခုနှစ်သက်ရာ အားသန်ရာ ရေးပြီး ဂုဏ်ပြုကြစေလိုပါသည်။

မှတ်ချက်။ ။ဇူလိုင်(၁၉)ရက်နေ့ အာဇာနည်နေ့တွင်ခေါင်းဆောင်ကြီးများကို အောင့်မေ့လွမ်းဆွတ်ဂုဏ်ပြုသောအားဖြင့် ဘလောက်များကို တိတ်ဆိတ်ငြိမ်သက်စွာ ထားရှိကြပါရန်အကြံပြုတိုက်တွန်းအပ်ပါသည်။ မိတ်ဆွေဘလောက်ဂါအသီးသီးအားလည်းကူညီတိုက်တွန်း ပေးပါရန်... ကူညီတောင်းခံအပ်ပါသည်။

Tuesday, July 17, 2007

သုဉ်း

အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ ကျဆုံးမှုနဲ့ သူ့ရဲ့ အကျိုးဆက်အဖြစ် အာဇာနည် စိတ်ဓာတ်တွေ ခေါင်းထောင်ခွင့် မရအောင် အညွန့်ချိုးခံရခြင်း ရဲ့ နောက်ဆက်တွဲ သမိုင်းများကို သံဝေဂရသည့်အတိုင်း ချရေးမိသော ကဗျာမမီ စာမပီ ရင်တွင်း ခံစားချက် ဖြစ်ပါသည်...


ယဉ်ကျေးမှုသုဉ်း၊ အကျင့်စာရိတ္တ သုဉ်း
ရိုးရာဓလေ့သုဉ်း၊ လူ့တန်ဖိုးရဲ့ အနှစ်သာရနဲ့
အဓိပ္ပာယ်ဖွင့်ဆိုချက်တို့သုဉ်း။
ဤကိုကျွဲလို့ အတင်းဖတ်ရင်း
ကျွဲကို ဤလို့အတင်းအမည်ပေး
ပျားရည်စားမိတဲ့ကောင်မို့ ခွေးမစစ်ခဲ့ရတဲ့ဘ၀။
မြေခွေးတွေက ခြင်္သေ့သားစားရင်းအောင်ပွဲခံ
ဠင်းတတွေက ဥဒေါင်းကိုမြင်တော့
ကြက်သရေယုတ်ပြန်သတဲ့ …
ငပြူးကပြန်ပြဲနေရဲ့။
ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်းသုည
သုဉ်းသုံးဝတွင် သုဉ်းရပြန်လစ်
သုညခေတ်ဝယ် ဖြစ်လာရပေ
တို့တတွေသည်
သေသော်မှတည့် သြော်ကောင်း၏… တဲ့
အမယ်မင်း… ဆီးဘန်နီဆရာတော်ဘုရားရယ်
ရုပ်ဝတ္ထုတွေသုဉ်းတာထက်
နှလုံးသားထဲက အနှစ်တရားတွေ
သုဉ်းခဲ့တဲ့ သည်ခေတ်မှာမှ လူလာဖြစ်
တပည့်တော်တို့ခေတ်ကို ၀င်ကာကြည့်ရင်
ဆရာတော် မည်သို့မိန့်မည်မသိ
သိချင်ပါဘိ။