Pages

Showing posts with label မျှဝေပေးခြင်းပါ. Show all posts
Showing posts with label မျှဝေပေးခြင်းပါ. Show all posts

Wednesday, August 29, 2007

သူဘယ်သူလဲ?



ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေတဲ့ လက်နက်မဲ့ အမျိုးသမီးအပါအ၀င် ပြည်သူတွေကို အခုလို အကြမ်းဖက် ဖမ်းဆီးသတဲ့။ လက်ဆင့်ကမ်း ရှာဖွေ သတင်းပေးကြပါ။

Wednesday, August 22, 2007

ပြည်သူ့တိုက်ပွဲ စလေပြီ



ခုလို ငြိမ်းချမ်းစွာ လမ်းလျှောက်ကြတာပါ။


ခုလို ရင်ဖွင့်ပြကြတယ်။


ခုလို ကြွေးကြော်ပါသေးတယ်။


နော်အုံးလှကို ကြံ့ဖွတ်တွေ ရိုက်နှက်မဖမ်းဆီးမီ( ဖုံးပြောနေသူ၊ ခုတော့ ပြန်လွတ်လာပြီတဲ့)


တက်ကြွလှုပ်ရှားအမျိုးသမီးများ။

၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တော်က ပြည်သူ့လှုပ်ရှားမှုကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ မနီလာသိန်း၊ မမီးမီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်း၊ နော်အုံးလှ တို့က ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။ အခု သြဂုတ်လအတွင်း လောင်စာဆီဈေးနှုန်းတွေ တက်လိုက်တဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို လမ်းလျှောက်ခြင်းဖြင့် ဆန္ဒဖော်ထုတ်ပြခဲ့ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများကို ဖမ်းဆီးထားချိန်မှာ ခုလို ပြည်သူလူထုရဲ့ ဆန္ဒကို ထပ်မံ လှုပ်ရှားပြသခဲ့တာ ဖြစ်ပါတယ်။

Saturday, August 4, 2007

၈၈ မျိုးဆက်ကျောင်းသားများရဲ့ ကျေညာချက်



၈၈ မျိုးဆက်ကျောင်းသားများ၏ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ
(၁၉)နှစ်မြောက် အထိမ်းအမှတ် ကျေညာချက်
နေ့စွဲ ။ ။ ၈၊ သြဂုတ်၊ ၂၀၀၇
စာအမှတ်။ ။ ၁၅၊ ၂၀၀၇ (၈၈)

(၁) လွန်ခဲ့သော(၁၉)နှစ်၊ ဤအချိန်၊ ဤကာလတွင် မြန်မာ့သမိုင်းတွင်သာမက၊ ကမ္ဘာ့သမိုင်းတွင်ပါ မော်ကွန်း တင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး (လူထုအုံကြွမှုကြီး) ဖြစ်ပေါ်ခဲ့သည်မှာ အထင်ကရပင် ဖြစ်သည်။
(၂) သမိုင်းသည် သင်ခန်းစာယူရန်ဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ဖြစ်ပွားခဲ့ရသည့် အကြောင်းရင်း၊ ဖြစ်ပေါ်နေသည့်အကျိုးဆက်များကို ဘက်လိုက်မှုကင်းစွာဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြရန် လိုသည်။
(၃) ရှစ်လေးလုံးလူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ထောင်နှင့်ချီ၍ သေဆုံးဒဏ်ရာ ရခဲ့ကြပြီး အကျဉ်းထောင်အသီးသီး၊ နယ်စပ်တောတောင်ဒေသအသီးသီး၊ ပြည်ပနိုင်ငံအသီးသီးတွင် ရှင်ကွဲ ကွဲနေကြရ၊ သေကွဲ ကွဲခဲ့ကြရသော မိသားစုများ၏ အနိဋ္ဌါရုံများလည်း ခံစားနေကြရဆဲဖြစ်သည်။
(၄) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဘ၀အားလုံးကို ပုံဖေါ်ပြဋ္ဌာန်းသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပင်ဖြစ်သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲရာတွင် နိုင်ငံရေး သဘောထား ကွဲလွဲသူများကို ဖမ်းဆီးချုပ်ချယ်ပြီး တစ်ဘက်သတ်ရေးဆွဲခဲ့သည်။ တစ်ပါတီအာဏာရှင်စံနစ်၊ တံခါးပိတ် စီးပွားရေးစံနစ်ကို ကျင့်သုံးခဲ့သည်။
(၅) ထိုကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံများ၊ လွတ်လပ်စနိုင်ငံများအကြား ဖွံ့ဖြိုးမှုအဆင့်အတန်း အလား အလာအကောင်း ဆုံးဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ အဖြစ်သို့ ကျဆင်း သွားခဲ့ရသည်။
(၆) ပြုပြင်ပြောင်းလဲရန် ခက်ခဲသော ယင်း အခြေခံဥပဒေသည် ထိုစဉ်က နိုင်ငံ၏ ကြုံတွေ့နေရသော စီးပွားရေး၊ လူမှုရေး အထွေထွေ အကြပ်အတည်းများကို အချိန်မှီဖြေရှင်းနိုင်ရန် ပျော့ပြောင်းမှုမရှိခဲ့ချေ။
(၇) ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲစဉ်က တစ်ဘက်သတ်အင်အားသုံးခဲ့မှု၊ ပြုပြင်ပြောင်းလဲမှုမလွယ်ကူစေရန် ရေးဆွဲထား ခဲ့မှုတို့၏ ဒဏ်ကို အုပ်ချုပ်ခံနိုင်ငံသားများသာမက၊ အုပ်ချုပ်သူများပါ ခံစားခဲ့ကြရသည်။
(၈) တပ်မတော်အစိုးရအနေဖြင့်လည်း ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီး၏ တောင်းဆိုသံများကို အသိအမှတ် ပြုခဲ့ရသည်။ ပါတီစုံဒီမိုကရေစီစံနစ် နှင့် ဈေးကွက်စီးပွားရေး ကတိက၀တ်များဖြင့် အာဏာသိမ်း ယူခဲ့သည်။
(၉) သမိုင်းသည် နောက်ပြန်လျောကျရန်မဟုတ်။ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းရန်ဖြစ်သည်။ နိုင်ငံသားများ သည် သမိုင်း၏ အကောင်းဆုံး သက်သေများဖြစ်သည်။ ယနေ့ကာလကို ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်ကာလနှင့် နှိုင်းယှဉ်လေ့လာနိုင်သည်။
(၁၀) ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ရှစ်လေးလုံးလူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့ရသည်။ အနာဂါတ် မြန်မာနိုင်ငံတော်တွင် အလားတူ ပေါက်ကွဲဖြေရှင်းရမှုမျိုး မကြုံတွေ့ရစေရန် ယခုရေးဆွဲနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ်တွင် တည်မှီနေသည်။
(၁၁) သို့ဖြစ်ပါ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆိုးကျိုးသံသရာများ ထပ်မံမပေါ်ပေါက်စေရန်မှာ နိုင်ငံသားတိုင်း၏တာဝန် ဖြစ်ကြောင်း ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ နှိုးဆော်တိုက်တွန်းလိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားများ