ရေကိုပိုင်စိုးတဲ့နတ် ဆိုတော့ ပုဂံ၊ ပုပ္ပား အလည် သွားတုန်းက ဆည် လက်တံ ရေမြောင်းကြီး တွေက လူကြီး လာ စစ်၊ မစစ်ကို ဗေဒင်ဟောနိုင်တယ်၊ ငွေအသပြာနဲ့ ပူဇော် ပသမှ လိုတဲ့ရေ ကျတယ် လို့ ပြောပြတဲ့ ကျောက်ပန်း တောင်းက လယ်သမားကြီးကို သတိရ မိတယ်။ ဒီလိုဆို ဆည်ရေ လွှတ်တဲ့ လူက ရေနတ် ပေါ့လေ။
ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုကို စောင့်ရှောက်တဲ့နတ်က ခေါင်းပေါ်မှာ ငှက်မွေးနဲ့ အမျိုးသမီးပါတဲ့။ ငှက်လို နေရာတကာ ပျံသန်းရင်း တရား မမျှတမှုတွေကို စုံစမ်းဖော်ထုတ်ပုံ ရပါတယ်။
လူအသားနဲ့ ထိလိုက်ရင် လူအသားထဲကို ဖောက်ဝင်၊ လူသားစား၊ လူသွေးကိုစုပ်ပြီးမှ ဖွံ့ဖြိုးကြီးထွားလာတဲ့တဲ့ နောက်ချီးပိုးထိုးကောင် တစ်မျိုးရဲ့ ခေါင်းနဲ့ လူကိုယ်ပေါင်းစပ်ထားတဲ့ နတ်ကိုလည်း တွေ့လိုက်ရပါတယ်။ လူထုထဲကို ဖောက်ဝင်၊ လူထုရဲ့ ထမင်းကိုစားရင်း လူထုကို သစာဖောက်တဲ့ အသားထဲက လောက်ထွက်တဲ့ ခေတ်တိုင်းက အလိုတော်ရိများကို သတိရလိုက်မိပါတယ်။
ရုတ်တရက် ကြည့်ရင် ဖြောင့်သယောင် ရှိပေမယ့် လိမ်ကောက်နေတဲ့ ဦးချိုပါ နွားသိုးခေါင်းနဲ့ လူကတော့ လူတွေကို ပုံစံသွင်းတဲ့ နတ်ဘုရားပါတဲ့။ စနစ်ဆိုး တွေကို စီမံချက် ဆိုးတွေကို စေတနာ ရှိသယောင်နဲ့ ချမှတ်တဲ့ လူတွေကို သည်နတ်အဖြစ် ကိုးကွယ် ခဲ့ကြ ရတယ် ထင်ပါရဲ့။
သိမ်းငှက်ခေါင်းနဲ့ လူကိုယ်ရှိတဲ့နတ်က အီဂျစ်ဘုရင်ကို စောင့်ရှောက်ရပါသတဲ့။ အင်း.. သိမ်းငှက်လို မျက်စိလျင်လွန်း ပျံသန်းတာ မြန်လွန်းတဲ့ သူလျှို စုံထောက်တွေကမှ ဘုရင်ကို မစောင့်ရှောက်ရင် သည်ဘုရင် ဘယ်ခံနိုင်ပါ့မလဲလေ။ ဒီလိုလူတွေ နတ်လိုကို သြဇာကြီးတာလဲ မဆန်းလှပါဘူး။
ခြင်္သေ့မ ခေါင်းနဲ့ မိန်းမရုပ်ရှိတဲ့ နတ်ဘုရားမကတော့ စစ်နတ်ပါတဲ့။ စစ်ပွဲတွေမှာ မိန်းမသူလျှိုကလဲ အရေးပါလှသကိုး။
ဆူပူလှုပ်ရှားမှုတွေ အားလုံးကို ငြိမ်သက်အောင် လုပ်တဲ့ သရဲခေါင်းနဲ့ လူကိုယ်ရှိတဲ့ နတ်ပါတဲ့။ ညီအရင်းကို သတ်ပြီး တူတော်စပ်သူနဲ့ စစ်ထိုးခဲ့တာ သက်ရှိ အားလုံးကို အုပ်စိုးသူ ဖြစ်ချင်လို့ပါတဲ့။ ဒီလို သရဲမရဲ စီးနေတဲ့ လူကို ကြောက်လွန်းလို့ နတ်ဘုရားလို ကိုးကွယ် ခဲ့ရပုံ ပေါ်ပါတယ်။
ရေမြင်းခေါင်း၊ ခြင်္သေ့ရဲ့ ကျောနဲ့ ခြေလက်၊ မိကျောင်းအမြီး၊ ကိုယ်ဝန်ဆောင် မိန်းမရဲ့ ရင်နဲ့ ဗိုက်တို့နဲ့ တန်ဆာဆင်ထားတဲ့ နတ်ကတော့ အရေးအပါဆုံးလို့ ဆိုပါတယ်။ ရေမြင်းပါးစပ်လို ပါးစပ်ကို အကျယ်ကြီးဟပြီး ခွံ့သမျှ ၀ါးနေတဲ့၊ တောဘုရင် ခြင်္သေ့လို အာဏာ ပိုင်စိုးတဲ့၊ မိကျောင်းလို အသနား အညှာတာ ကင်းပြီး သန်မာတဲ့ အမြီးအားကိုးနဲ့ သတ္တ၀ါတွေကို ဖမ်းယူစားသောက် တတ်သလို နောက်လိုက်လူမိုက် အားကိုးနဲ့ အားရှိနေတဲ့၊ ရင်ပိန်ဟန်ဆောင်ပြီး ဗိုက်ရွှဲနေတဲ့ သူကတော့ နတ်ချုပ်ကြီးပါတဲ့လေ။ ဘယ်သူ့ကို မြင်ယောင်မိကြလဲဟင်။
အီဂျစ် လူ့အဖွဲ့အစည်းမှာ ရေပန်းအစားဆုံး နတ်ကတော့ ရုပ်ဆိုးသယောင် လူမျက်နှာ၊ ခြင်္သေ့လည်ဆံမွေးနဲ့ ခြင်္သေ့ အရေခွံ ရှိတဲ့ နတ်ပါတဲ့။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ မိသားစုတွေကို စောင့်ရှောက်လို့ပါတဲ့လေ။ ဒီလောက်ဆိုရင် ဒီပုံတွေသာ တကယ့် ဒဏ္ဍာရီ မဟုတ်ဘဲ သင်္ကေတ ၀ါဒနဲ့ အီဂျစ်ပြည်က နောက်ဆုံး နေထိုင်ခဲ့တဲ့ လူတွေနဲ့ အဖြစ်အပျက်တွေကို ပုံဖော်ထားတာ ဆိုရင်တော့ ပိရမစ်တွေနဲ့ ခမ်းနားခဲ့တဲ့ အီဂျစ်ပြည်ကြီးဟာ နတ်ဘုရားများကြောင့်၊ ဂြိုလ်သားများကြောင့် ပျက်စီးခဲ့တာ မဟုတ်ဘဲ ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်နေတဲ့ သတ္တ၀ါတွေကြောင့် ပျက်စီးခဲ့တာလို့ ကောက်ချက် ချရမလိုပါပဲ။ စာဖတ်သူများရော ဘယ်လို ထင်မြင်ကြ ပါသလဲ ရှင်။ မှတ်ချက်လေးများ ရေးရင်း ဆွေးနွေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်။
http://www.ancientegypt.co.uk/gods/home.html မှ ရည်ညွှန်း ကိုးကားပါသည်။
No comments:
Post a Comment