Pages

Sunday, July 22, 2007

အာဇာနည်နေ့

`သား... မပြေးနဲ့၊ ငြိမ်ငြိမ်နေ၊ အသံ မထွက်နဲ့။´

ပြေးပြီး ဆော့ကစားနေတဲ့ ကောင်လေးတစ်ယောက်ကို ၁၉ ဂျူလိုင်ရဲ့ မနက် ၁၀ နာရီကျော်အချိန်လောက်မှာ အဘိုးကြီး တစ်ယောက်ကလှမ်းပြောလိုက်တယ်။

ကောင်လေးက မျက်လုံး အ၀ိုင်းသားနဲ့ ထိုင်ခုံမှာ ထိုင်နေတဲ့ အဘိုးရဲ့ ဘေးနား ကပ်သွားပြီး ရပ်နေလိုက်တယ်။ လက်ထဲက ကစားစရာ ကားလေးကို ကိုင်ပြီး အဘိုးလက်ကို ဆွဲထားလိုက်တယ်။ အဘိုးက တိုးတိုးနေဆိုတဲ့ သင်္ကေတဖြစ်တဲ့ လက်ညှိုးကို ပါးစပ်နားကပ်ပြီး ကောင်လေးကို ပြတယ်။ ကောင်လေးလည်း အဘိုးမျက်နှာကို ကြည့်နေလိုက်တယ်။

အရေး အကြောင်းတွေ ရှိနေတဲ့ အဘိုးအိုရဲ့ မျက်နှာမှာ တည်ကြည်ခြင်း၊ ၀မ်းနည်းခြင်း၊ စိတ်မကောင်းခြင်း ၊ယူကျုံးမရခြင်းနဲ့ ကောင်လေး အဓိပ္ပါယ်ထုတ်လို့မရတဲ့ အခြားအရာတွေ မျက်နှာပေါ်မှာ တွေ့ရတာမို့ ခါတိုင်း အဘိုးက ငြိမ်ငြိမ်နေပြောရင် နားမထောင်ဘဲ လုပ်ချင်ရာ လုပ်တဲ့ ကောင်လေးဟာ အဘိုးရဲ့ မျက်နှာ အသွင် အပြင်ကြောင့် အသာငြိမ်နေလေရဲ့။

ဖွင့်ထားတဲ့ ရေဒီယိုက လွမ်းဆွတ်ဖွယ် သီချင်းသံတွေ ခဏ ရပ်သွားပြီး ဥသြသံတွေ ထွက်လာချိန်မှာတော့ အိမ်နောက်မှာ ဟင်းချက်နေတဲ့ အဘွားအိုရဲ့ ခုတ်ထစ် လှီးချွတ်နေတဲ့ အသံတွေ ထိတ်သွားတယ်။ နဂိုထဲက အသံ မထွက်တဲ့ အဘိုးအိုက ပိုပြီး တိတ်ဆိတ်သွားတယ်။ အိမ်ရှေ့ က ကားကို စက်ဖုံးလှန်ပြီး အလုပ်လုပ်နေတဲ့ လူတစ်ယောက်ကလည်း လုပ်လက်စအလုပ်တွေ ချပြီး အသာအယာ ရပ်လိုက်တယ်။ သူ့မျက်နှာမျာလည်း ၀မ်းနည်းတဲ့ အရိပ်တွေနဲ့။

လောကတစ်ခုလုံး ငြိမ်သက်သွားသလို ခံစားနေရပေမယ့် အိမ်ရှေ့ က စာကလေး ငှက်ကလေးတွေကတော့ ကျလီ၊ ကျီကျီနဲ့ အသံတွေ ထွက်နေရှာတယ်။


`ဟေ့ကောင်၊ မင်း ကော်ဖီ သောက်မလား´ လို့ အခန်းဖော် သူငယ်ချင်းက လှမ်းမေးသံကြားလိုက်တော့မှ အတွေးထဲက မှုံဝါးတဲ့ အရိပ်တွေ ပျောက်ကွယ်သွားတော့တယ်။

ဟုတ်ပါတယ် အဲဒီ အတွေးထဲက ကျွန်တော် မြင်နေခဲ့တဲ့ ကလေးငယ်ဟာ ကျွန်တော် ကိုယ်တိုင် ဖြစ်နေပြီး၊ ကျွန်တော့် အဘိုး၊ အဘွားနဲ့ ဦးလေးတို့ အိမ်မှာရှိနေတဲ့ နှစ် ၂၀ ကျော်က ၁၉ ဂျူလိုင်ရဲ့ မနက်ခင်းတစ်ခုပါ။ ကျွန်တော် သူငယ်ချင်းကို ခေါင်းအသာယမ်းပြလိုက်တယ်။ ပြတင်းပေါက်ကနေတဆင့် မြင်ရတဲ့ အဝေးက ကျွန်တော်ချစ်တဲ့ တိုင်းပြည်ရှိမယ်လို့ ထင်ရတဲ့ အရပ်ကို မှန်းစပြီး အခုနေတဲ့ အိမ်ရဲ့ ဧည့်ခန်းထဲကနေ လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တိတ်တဆိတ်ထိုင်နေတဲ့ ကျွန်တော်ပါ။ ထိုင်ရာက ထပြီး အာဇာနည်နေ့ သီချင်းတွေ နားထောင်ဖို့ ဖွင့်လိုက်ရင်း ကျွန်တော် ဆက်တွေးနေမိတယ်။

`တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းနဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်´

သီချင်းသံတွေနဲ့ အတူ ကျွန်တော့် အတွေးတွေ ပျံလွင့်နေတယ်။ အာဇာနည်တွေ လုပ်ကြံခံရတဲ့နေ့၊ လွန်ခဲ့တဲ့ နှစ် ၆၀ က ၁၉ ဂျူလိုင်၊ တိုင်းပြည်ရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု၊ တိုင်းပြည်အလှည့်အပြောင်းနဲ့ ပြည်သူတွေအတွက် အစားထိုးမရတဲ့ နစ်နာမှု၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး ပြိုလဲခဲ့တဲ့နေ့ ................ အဲဒါ အာဇာနည်နေ့တဲ့။

အဘိုးအိုရဲ့ ဘေးနားမှာ ကစားစရာ ကားကလေးကို ကိုင်ရင်း ကောင်လေးကမေးနေတယ်။

`ဘိုးဘိုး ဘာကြောင့် အခုနက အဲဒီလို တိတ်သွားရတာလဲ . . .ဟင်။´

`အာဇာနည်နေ့ပေါ့ သားရယ်၊ ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေအတွက် ၀မ်းနည်းတဲ့ အနေနဲ့ ဂုဏ်ပြုပြီး တိတ်တိတ်နေပေးကြတာ။´

`အာဇာနည်ဆိုတာ ဘာလဲ´

အဘိုးအိုက အိပ်ကပ်ထဲနှိက်ပြီး ပိုက်ဆံ တစ်ရွက် ထုတ်လိုက်တယ်။

`ဒါ ဘယ်သူလဲ သားသိလား´ ၊ ပိုက်ဆံပေါ်က ပုံကို ပြပြီး ကြင်ကြင်နာနာမေးလိုက်တယ်။ ကောင်လေးက
`ဗိုလ်ချုပ်အောင်ဆန်း´
အဘိုးအိုက ပြုံးလိုက်ပြီး `ဗိုလ်ချုပ်အောင်ဆန်းနဲ့ သူရဲကောင်းတွေ သေဆုံးသွားတဲ့နေ့ကို အာဇာနည်နေ့လို့ ခေါ်တာပေါ့´

`မသိ၍ဆို
မလို၍ပြော။
သူ့စိတ်မှာ အလွန်ယဉ်လို့
သူ့ဥာဉ်မှာ အလွန်သန့်တယ်
ထူးချွန်သဘော။

မသိ၍ထင်
မမြင်၍ပြော
သူ့ဝိညာဉ်မသေပျောက်ပါဘူး
မိုးပေါက်လို အစဉ်ကြည်လို့
နေခြည်လို အစဉ်လန်းကာ
ဖျန်းဆွတ် စိတ်စော။´

ဗိုလ်ချုပ်အောင်ဆန်း လို့နာမည်ပေးထားတဲ့ ဆရာကြီးမင်းသုဝဏ်ရေးတဲ့ ကဗျာလေးကို အဘိုးအိုက ရွတ်နေတယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ သခင်မြ၊ ဒီးဒုတ် ဦဘချို၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ ဦးဘ၀င်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးတို့ အားလုံး ကျဆုံးခဲ့ရတယ်။

`သား၊ ဗိုလ်ချုပ်ကို သိတယ် မဟုတ်လား၊ အင်္ဂလိပ် လက်အောက်က လွတ်အောင် လုပ်ပေးတဲ့ အာဇာနည်ကြီးလေ၊ သူ့လိုပဲ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ သူရဲကောင်းကြီးတွေ ဂျူလိုင်လ ၁၉ ရက်မှာ အားလုံးကိုသေနတ်နဲ့ ပစ်ခံရလို့ သေသွားကြတာ၊´

`ဘယ်သူတွေ ပစ်သွားတာလဲ၊ ဘိုးဘိုး။´
`မသမာတဲ့ လူတစ်စုက သတ်သွားတာပေါ့ . . . သားရယ်၊´
`အဲဒီလူတွေကို မဖမ်းဘူးလား´
`ဖမ်းတာပေါ့၊ ပြီးတော့ သေဒဏ် ပေးလိုက်ကြတယ်´
`နည်းတောင် နည်းသေးတယ်၊ သူများကို မဟုတ်တာလုပ်တဲ့ လူတွေ သေကြပလေ့စေ။´
အဘိုးအိုက သူ့ရင်ခွင်ထဲ ကလေးကို ဖက်ထားလိုက်ပြီး ခေါင်းကို ပွတ်ကာ
`သား . . . အဲဒီလို မပြောရဘူး။ သမိုင်းဆိုတာ သင်ခန်းစာယူပြီး၊ နောက် အဲဒီလို အမှားတွေ မလုပ်အောင် ပြုပြင်ရတယ်၊ အမုန်းတရားတွေ မထားရဘူး´
ကလေးငယ်က ဘာမှ မပြောပဲ အဘိုးရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေလေရဲ့။


`မော်ကွန်းလဲ ထိုးလောက်တဲ့မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်´
သီချင်းသံက ဆက်ပြီး ပျံလွင့်နေတယ်။ အတိတ်က အဘိုး ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိခဲ့ပေမယ့် အခုတော့ နားလည်နေပါပြီ။
`သမိုင်း သင်ခန်းစာ ယူပြီး အမှားတွေ ထပ်မဖြစ်အောင် လုပ်၊ အမုန်းတရားတွေ မထားရဘူတဲ့။´

အဘိုးပြောခဲ့တာကို နားမလည် လက်မခံခဲ့မိတဲ့ ကျွန်တော်ဟာ အခုမှ ကောင်းကောင်း သဘောပေါက်တတ်နေခဲ့ပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေဟာ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်ဆောင်ပေးခဲ့ရုံမကပဲ၊ လူတွေအတွက် ရင့်ကျတ်တဲ့ သင်ခန်းစာတွေ၊ အမုန်းမပွားတဲ့ အတွေးအခေါ်တွေကို အသက်ပေးပြီး ပြည်သူတွေကို လမ်းပြ သင်ပေးသွားခဲ့တာပါလား။

အခု အနှစ် ၆၀ ပြည့် အာဇာနည်နေ့မှာ အာဇာနည်ကြီးတွေကို ငြိမ်သက်စွာ ဂုဏ်ပြုရင်း၊ သူတို့ ပြခဲ့တဲ့ လမ်းအတိုင်း အမုန်းမပွားပဲ အာဇာနည်ကြီးတွေ အရ ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို ပြည်သူတွေ စစ်မှန်စွာ ခံစားနိုင်အောင် တတ်စွမ်းသလောက် အစွမ်းကုန် လုပ်ဆောင်ပါ့မယ်လို့ သန္ဓိဌာန်ချရင်း အလေးပြုလိုက်ပါတယ်။
ကိုထိုက်

No comments: