Pages

Sunday, July 22, 2007

၁၉ ဂျူလိုင် မမေ့နိုင်

အာဇာနည်နေ့အတွက် ၀မ်းနည်းခြင်း အထိန်းအမှတ်ပို့စ်ကို ဘယ်ကစလို့ ရေးရမှန်းတောင် မသိတော့ဘူး။ ကျမတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် လွတ်လပ်တဲ့ နိုင်ငံတော်ကြီး ဖြစ်အောင် အသက်၊ သွေး၊ ချွေး တို့နဲ့ စတေးပြီး ကြိုးစား ရယူပေးခဲ့တဲ့ အထင်ကရ လူပုဂ္ဂိုလ် ၉ ဦးပေါ့။ တကယ်ကို တန်ဖိုးထား လေးစား ထိုက်ပါတယ်။

ဒီပို့စ်ရေးဖို့ကို စကားလုံး တစ်လုံး ထွက်လာဖို့ စဉ်းစားလိုက်တိုင်း မျက်ရည်ဝဲရပါတယ်။
*****
ကျမ သိတတ်စ အရွယ်တုန်းကပေါ့ ဂျူလိုင် ၁၈ရက်နေ့ ညမှာ မြန်မာ့အသံ ထိုင်ကြည့်နေရင်း
“ရပ်ကွက်တွင်းမှာ နေထိုင်ကြတဲ့ လုပ်သားပြည်သူများ ခင်ဗျားးး မနက်ဖြန် ဂျူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့မှာ မိမိတို့ရဲ့ နေအိမ်အသီးသီးတွင် နိုင်ငံတော်အလံများကို တိုင်ဝက်လွှင့်ထူခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်” နှိုးဆော်သံ အဆုံးမှာပဲ တစ်ဆက်တည်း လွင့်ပျံလာတဲ့
“ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ် သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်” ဆိုတဲ့ သီချင်းသံကို ကြားလိုက်ရရင်ပဲ နုနယ်လှတဲ့ ကျမရဲ့ ရင်ထဲ လှိုက်ခနဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် ငယ်သေးတော့ ဘာရယ်လို့ သေချာ မဝေခွဲနိုင်ခဲ့ဘူး။ ရပ်ကွက်တွင်း တစ်ညလုံး လှည့်အော်နေတဲ့ နှိုးဆော်သံနဲ့ သီချင်းသံကို အိပ်ယာဝင် ပုံပြင်အဖြစ် နားဆင်ရင်း အိပ်ပျော်ခြင်းကို ရောက်ရှိသွားပါတယ်။ (အပေါ်က သီချင်းကို နားထောင်ချင်ရင် စာကြောင်းကို Click နှိပ်ပြီး နားထောင် ရယူနိုင်ပါတယ်။)

မနက်လင်းလို့ အိပ်ယာနိုးတော့ အမေက ၀ါးလုံးထိပ်ကို ပိတ်ဖြူပတ်ပြီး အလုံးလေးဖြစ်အောင် လုပ်နေတယ်။ ပြီးတော့ နိုင်ငံတော်အလံကို တိုင်တစ်ဝက်မှာ သေချာချည်ရင်း ပြတင်းတံခါးမှာ တွဲထားလိုက်တော့ တလူလူ လွင့်နေတဲ့ အလံကို ကျမ ငေးကြည့်နေမိပါတယ်။ ပြီးတော့ စပ်စုစွာပဲ ပြတင်းတံခါးက ကျမရဲ့ မမီ့တမီ အရပ်လေးနဲ့ လှမ်းမျှော်ကြည့်လိုက်ရင်ပဲ အိမ်တိုင်းအိမ်တိုင်း အလံနီနီလေးတွေ လွှင့်လို့ပေါ့။ ဒီအချိန်မှာ အမေက ရေဒီယိုကို ဖွင့်လိုက်ရင်ပဲ လေလှိုင်းထဲက ဗိုလ်ချုပ်ရဲ့ အနစ်နာခံခဲ့ပုံ၊ ကြိုးစားအားထုတ်ခဲ့ပုံတွေကို ကြည်လင်တဲ့ အသံနဲ့ လွှင့်ပေးနေတာလဲ ကြားရသေးတယ်။ နောက်တော့ ညတုန်းက ကျမ ကြားခဲ့ရတဲ့ သီချင်းကိုပဲ ထပ်တစ်ခါ ကြားရပြန်တယ်လေ။

“သမီး ဥသြဆွဲရင် လုပ်လက်စအလုပ်တွေ ခဏရပ်ပြီး ငြိမ်ငြိမ်လေးနေနော်” ဆိုတဲ့ အမေ့ဆီက ကျမကို သတိပေးသလို ပြောလာရင်ပဲ
“ဘာလို့လဲ အမေ”
“ဒီနေ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင် ကြိုးပမ်းပေးကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ၈ ဦး ကျဆုံးတဲ့နေ့လေ သမီးရဲ့”
“ကျဆုံးတာက ဘာလဲဟင်”
“သေသွားတာကို ပြောတာ သမီးလေး”
“ဟင် ဘာလို့သေသွားတာလဲ အမေ”
“ဂဠုန်ဦးစောက သတ်လိုက်လို့ပေါ့ သမီးရယ်”
“ဘာလို့ သတ်ရတာလဲ”
“မကျေနပ်လို့ပေါ့ သမီးရယ်၊ ဒါတွေ သမီးကြီးလာရင် သိလာမှာပါ၊ ကဲ ခဏနေရင် ဥသြဆွဲသံ ကြားရတော့မှာ အမေပြောတာ မမေ့နဲ့နော်”
“ဟုတ်ကဲ့”
ချာချာလည်သွားတဲ့ ကျမအတွေးလေး မဆုံးလိုက်ခင်မှာပဲ ရေဒီယိုက လွင့်ပျံ့လာတဲ့ ဥသြသံကြောင့် တစ်နိုင်ငံလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရပါတယ်။ ကျမရဲ့ ရင်ထဲမှာလဲ အမည်မသိတဲ့ ၀မ်းနည်း ကြေကွဲခြင်းတွေနဲ့ ဆို့နင့်လာပါတယ်။ အမေ့ကို လှမ်းကြည့်တော့လဲ ဟင်းချက်ရင်း တန်းလန်း ငြိမ်သက်စွာ မတ်တပ်ရပ်လို့ပေါ့။ ကျမလဲ ခေါင်းလေး ချာချာလည်အောင် လျှောက်ကြည့်ရင်း သိချင်စိတ် ပြင်းပြလာတဲ့အတွက် ပြတင်းပေါက်နား သွားပြီး အိမ်အောက်ကို ငုံ့ကြည့်လိုက်တဲ့ခါ လမ်းမမှာ သွားလာနေကြတဲ့ လူတွေလဲ ရပ်တန့်လို့ပါလား၊ လှုပ်ရှားမှုတွေ မတွေ့ရတော့ဘူး။ ခဏကြာတော့မှ လူတွေဟာ လေးတိလေးကန်နဲ့ လှုပ်ရှားလူးလွန့်လာကြတယ်။ သူတို့တွေရဲ့ မျက်နှာကိုယ်စီမှာ နှမြောခြင်း၊ ၀မ်းနည်းခြင်း၊ ဂုဏ်ယူခြင်း မျက်နှာဖုံးတွေ စွပ်ထားကြလေရဲ့။

အဲ့ဒီနောက် အမေ့ဆီက အမြဲကြားခဲ့ရတဲ့ စကားတွေ၊ ရေဒီယိုက လွှင့်ခဲ့တဲ့အသံတွေ နဲ့ တီဗွီကပြတဲ့ အရုပ်တွေကြောင့် ဗိုလ်ချုပ်ဟာ တကယ်ကို လေးစားထိုက်တဲ့ လူတစ်ဦးလို့ ခံစားလာရတယ်။ နောက် အတန်းကြီးလာတာနဲ့ ဖတ်စာထဲမှာ ပါလာတဲ့ သင်ရတဲ့ စာတွေကြောင့် ဗိုလ်ချုပ်အကြောင်း ပိုသိလာရပြီး ပိုလို့လဲ လေးစားမိလာတယ်။ တစ်နှစ်လုံးမှာ တစ်ရက်သာရှိပြီး အဲ့ဒီရက်မှာမှ ကျရောက်တတ်တဲ့ စက္ကန့်ပိုင်း လောက်ပဲ ရှိမယ့် အချိန်လေးတစ်ခုမှာလဲ ၀မ်းနည်းကြေကွဲစွာနဲ့ ငြိမ်သက်နေတတ်ခဲ့ပြီ။ တစ်နိုင်ငံလုံးက ပြည်သူတွေ မျက်ရည်ဖြိုင်ဖြိုင် ကျရတဲ့နေ့ပေါ့.......။

နောက်ပိုင်း အသက်အရွယ် ကြီးလာတာနဲ့ ရပ်ကွက်တွင်း တိုက်တွန်းသံက တစ်စစ ကွယ်ပျောက်လို့ သွားတယ်။ ဒီလိုပဲ နှစ်စဉ် ဒီအချိန်ရောက်တိုင်း ငယ်တုန်းက ကြားခဲ့ရတဲ့ ရေဒီယိုက တေးသံသာနဲ့ ဥသြဆွဲသံလဲ မကြားရတော့တာ ယနေ့ထိ တိုင်အောင်ပါပဲ။

ဘာလို့များ မေ့ထားချင်ကြတာလဲ၊ ဘာလို့များ ဒီလောက်လေး အမှတ်တရနဲ့ လုပ်ပေးရမှာကို တွန့်တိုစွာနဲ့ နှမြောနေကြတာလဲ။ ဒီ ကျဆုံးသွားကြတဲ့ အာဇာနည် ၉ ဦးက ကျမတို့ နေထိုင်နေတဲ့ အမိ မြန်မာ နိုင်ငံတော်ကြီးကို လွတ်လပ်ရေးရအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြတာ မဟုတ်ဘူးလား။ သူတို့မှ စွမ်းဆောင် မပေးခဲ့ကြရင်ဖြင့် ကျမတို့နိုင်ငံဟာ ခုချိန်ထိ သူ့ကျွန်ဘ၀ ကျရောက်နေကြရဦးမှာ မဟုတ်လား။

လွတ်လပ်ရေးနေ့ဆိုပြီး တစ်နိုင်ငံလုံး ပျော်ပွဲရွှင်ပွဲတွေကို နှစ်စဉ် စဉ်လာမပျက် ကျင်းပဖို့ မမေ့ကြရင်ဖြင့် ဒီလိုနေ့မျိုး (ဂျူလိုင် ၁၉) မှာ ၀မ်းနည်း ကြေကွဲပါတယ်ဆိုတဲ့ အရိပ်အယောင်တွေ နဲ့ ဂုဏ်ပြု ပြသဖို့လဲ မမေ့သင့်ပါဘူး။ တစ်နှစ်လုံးမှာ တစ်ရက်၊ အဲ့ဒီတစ်ရက်မှာမှ စက္ကန့်ပိုင်းလောက်သာရှိတဲ့ ဒီ အချိန်တိုလေးကို ဘာလို့များ ဖုံးကွယ်ချင်ကြတာလဲ၊ ဘာလို့များ ဖျောက်ဖျက်ချင်ကြရတာလဲ။ အမှန်ဆို တစ်လလုံးတောင်မှ ပျော်ရွှင်ပွဲတွေ ရပ်ခိုင်းပြီး ၀မ်းနည်းကြောင်း ပြသသင့်တာ။ ဒါမျိုး တားမြစ်ရင်ဖြင့် ပြည်သူတွေကတောင် ၀မ်းသာစွာနဲ့ လှိုက်လှိုက်လှဲလှဲ လိုက်နာကြဦးမှာ။ ပြည်သူတွေက မေ့နေရင်တောင် ဒင်းတို့က သတိပေးရမှာ၊ ခုများတော့...... ဒင်းတို့ကိုယ်တိုင်က......။ (စကားလုံး အသုံးကြမ်းသွားရင် ခွင့်လွှတ်ပါ)

ခုဆိုရင် အာဇာနည်ဗိမာန်မှာ ဂုဏ်ပြုသူတွေ တစ်စစ နည်းပါးလာခဲ့ပြီ၊ ဒီဗိမာန်ကြီးဟာလဲ ဖုန်တက်နေလောက်ပြီ။ မြန်မာပြည်မှာရော ဒီနေ့ရက်ဟာဖြင့် အာဇာနည်နေ့ရယ်လို့ မှတ်မိတဲ့သူ၊ မမှတ်မိတဲ့သူ စာရင်း လိုက်ကောက်ရင် ဘယ်စာရင်း ပိုများမယ် ထင်ကြလဲ ?????။

ကျမ ငယ်တည်းက အာဇာနည်ဗိမာန်ကို သွားရောက်ပြီး ကိုယ်တိုင် ဂါရ၀ပြုချင်တာ ဒီနေ့ထိပါပဲ ဒါပေမယ့် ဘာလို့ ပြည်သူတွေကို ၀င်ရောက်ပြီး ဂါရ၀ပြုခွင့် မပေးကြတာလဲ။ အထဲဝင်ဖို့ မပြောနဲ့ အပြင်ကနေတောင် ကြာကြာရပ်ရင် အဖမ်းခံနေရဦးမယ်။ ခွင့်ပြုပေးရင်ဖြင့် ဒီလိုနေ့မျိုးမှာ ပြည်သူတွေ တစ်ဖွဲဖွဲ လာရောက် ဂါရ၀ပြုကြရင် နိုင်ငံတော် ဂုဏ်တက်မှာ စိုးလို့ နေမှာ... (အင်းး ဒီလိုပဲ ဖြေသိမ့်လိုက်ပါတယ်)။ အာဇာနည် ဗိမာန်နားက ဖြတ်သွားတိုင်း ရင်ထဲ တင်းကျပ်လာတယ်။ အဝေးက မြင်ရရင်တောင်မှ ၀မ်းနည်းပြီး မျက်ရည်ဝဲရတယ်။ အနီးကပ် သွားပြီးတော့ ဂါရ၀ပြုရရင် ငိုမိမယ်ထင်တယ်။

ဗိုလ်ချုပ်က ကျမတို့ရင်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေပြီ။ ဒင်းတို့တွေ ဘယ်လိုပဲ မေ့ပျောက်အောင် ဖျောက်ဖျက်ပေမယ့် ပြည်သူတွေရဲ့ ရင်ထဲထိတော့ ဘယ်လိုမှ လိုက်ပြီး ဆွဲနှုတ်ယူလို့ မရပါဘူး။ နောက်ပေါက်တွေကို သတိပေးရမှာက နှောင်းလူတို့ရဲ့ တာဝန်ပါပဲ။

ဒီလို နေ့ရက်မျိုးကိုမှ သတိ မေ့နေကြတယ်ဆိုရင် မြန်မာနိုင်ငံသား လို့တောင် ပြောဖို့ မတန်ပါဘူး။ ခုဆိုရင် ကမ္ဘာမှာ မြန်မာဟာ သေးငယ်နေပါပြီ။ ဒီနေ့ရက်ကိုမှ ထပ်ပြီး မေ့နေကြဦးမယ်ဆိုရင် အစတောင် ရှာရတော့မှာ မဟုတ်တော့ဘူး။ တစ်ခေတ်တစ်ခါက ကမ္ဘာမှာ မြန်မာဆိုရင် ဘယ်နေရာသွားသွား မော်ကြွားနိုင်ခဲ့တယ်။ ခုတော့ မြန်မာလို့ပြောလိုက်ရင် နှာခေါင်း ရှုံ့ချင်နေကြတယ်။ ဗိုလ်ချုပ်တို့သာ ရှိနေသေးရင် ကျမတို့ ခုလိုမျိုး ကမ္ဘာမှာ မျက်နှာငယ်နေကြရမယ် မထင်ဘူး။
*****

No comments: