Pages

Wednesday, July 18, 2007

အာဇာနည်နေ့ဟူသည်

တကယ်တော့ ကျွန်မဟာ အာဇာနည်နေ့ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်များ ကျဆုံးတဲ့နေ့ ၊ ဗမာနိုင်ငံသမိုင်းမှာ မိုးမှောင်ကျတဲ့နေ့ ၊ ဗမာနိုင်ငံကို ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲရောက်ဖို့ လမ်းစဖေါ်ပေးလိုက်တဲ့နေ့ ဆိုတာကလွဲလို့ တခြားအရာကို သေချာသိတာမဟုတ်တဲ့ လူတယောက်လို့ပဲ စစခြင်း ၀န်ခံလိုက်ပါရစေ ။

အသက်ဆယ်နှစ်ကျော်ခါစတည်းက ဗမာပြည်ကထွက်ခဲ့တဲ့ ကျွန်မဟာ တခြားနိုင်ငံဖြစ်တဲ့ ခြင်္သေ့ကျွန်းရဲ့ ရေကြည်ရာ မြက်နုရာမှာ ၊ ရေသောက် မြက်စားလို့ ကြီးပြင်းခဲ့တာ ခုဆို ဆယ်ရာစုနှစ်တွေကျော်လွန်ခဲ့ပြီပေါ့ ။ နိုင်ငံသစ်မှာ ရုန်းကန်လှုပ်ရှား အနယ်ထိုင်ခဲ့ရတဲ့ နှစ်အတော်များများမှာ အာဇာနည်နေ့ဆိုတာကို ကျွန်မ မေ့လျော့တတ်ခဲ့တယ် ။ ပတ်ဝန်းကျင်မှာ လူးလာခတ်နေတဲ့ ခြင်္သေ့နိုင်ငံသား နဲ့ တခြားနိုင်ငံသားတွေကြားမှာ အာဇာနည်နေ့ဆိုတဲ့စကားမျိုး ကျွန်မ မကြားခဲ့ရဘူး ။ ဒါဟာ မျိုးချစ်စိတ်မရှိတော့တာလို့ လူတချို့ ကောက်နုတ်ချက် ချကောင်းချလိမ့်မယ် ။

ဗမာပြည်မှာမွေးပြီး ခြင်္သေ့ကျွန်းမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ ၊ မိဘအရင်းနဲ့ မွေးစားမိဘတို့ကြား ဗျာယာခတ်နေတဲ့ သမီးတယောက်လိုပဲလို့ တခါတလေ ကိုယ့်ဘာသာ စဉ်းစားမိတယ် ။ ကျွန်မကို လူတလုံး သူတလုံးဖြစ်အောင် အခြေအနေတွေပေးခဲ့တဲ့ ခြင်္သေ့ကျွန်းဟာ ကျွန်မရဲ့ မွေးစားမိဘတွေလိုပေါ့ ။ ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတာတော့ ၊ ဘယ်တော့မှ ဖျောက်ဖျက်မရတဲ့ အမိဗမာနိုင်ငံရဲ့ သွေးတွေပေါ့ ။ ဒီမှာကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ ခြင်္သေ့ကျွန်းလူသားများနဲ့ .. ပုံပန်းသဏာန်.. အနေအထိုင် အသွားအလာ .. အစားအသောက်.. လူနေမှုအကျင့်စရိုက်.. အတွေးအခေါ် .. တူနေချင် တူနေပါလိမ့်မယ် ။ ဒါပေမယ့် ကျွန်မဟာ ဗမာစကားပြောရတာကို အကြိုက်ဆုံး ၊ ဗမာစာကို အမြတ်နိုးဆုံး ၊ ဗမာအစားအစာကို အနှစ်သက်ဆုံး ၊ ဘောလုံးပွဲမှာ ခြင်္သေ့လူသားများနဲ့ ဗမာတို့ ကန်ခဲ့ရင်တောင် ကိုယ့်ဗမာကိုယ် အားပေးတတ်ခဲ့တယ် ။ ကျောင်းမှာ ကမ္ဘာ့သမိုင်း ၊ ခြင်္သေ့ကျွန်းသမိုင်းတွေကို စာမေးပွဲအတွက်လောက်သာ ကျက်မှတ်ခဲ့ပေမယ့် ၊ တကယ် အသက်အရွယ်ရင့်ကျက်လာတဲ့အခါ မြန်မာ့သမိုင်းကိုတော့ စိတ်ဝင်တစား ဖတ်ရှုတတ်ခဲ့တယ် ။ တိုးတက်နေတဲ့ ခြင်္သေ့ကျွန်းကိုကြည့်ပြီး ၊ သူတို့သင်ပေးထားတဲ့ ပညာတွေနဲ့ ကျွန်မရဲ့ အမိဗမာပြည်ကို ကျေးဇူးဆပ်ချင်မိတယ် ။

အမိဗမာပြည်ရဲ့ လူမှုပတ်ဝန်းကျင်မှာ အလည်ပြန်တိုင်း စိတ်ကသိကအောက်ဖြစ်ပြီး မနေတတ်ဖြစ်ရတာတွက် ၊ တခါတလေတော့လည်း ကျွန်မကိုယ်ကျွန်မ စိတ်တိုမိတယ် ။ တချိန်လုံးမီးပျက်နေတဲ့နေ့တွေ ၊ နေရာတိုင်းမှာ လာဘ်စား လာဘ်ယူ ၊ ကြီးနိုင် ငယ်ညှင်း ၊ ငွေကြေးဖောင်းပွမှုများ .. စတာတွေ ပလုံဆီနေတဲ့ အမိမြန်မာနိုင်ငံမှာ ကျွန်မ တကယ်မနေတတ်ခဲ့ဘူး ။ အရာရာမှာ စနစ်တကျရှိတဲ့ ခြင်္သေ့ကျွန်းမှာကျတော့လည်း ၊ လုပ်ပုံကိုင်ပုံတွေ ကြိုက်နှစ်သက်ပေမယ့် ၊ သူတို့နဲ့ တန်းတူစကားတွေကို ပြောနေနိုင်ပေမယ့် ၊ တခုခု လစ်ဟာနေသလို ခံစားရတယ် ။ အဲဒါဘာလဲဆိုတော့.. ဘယ်သူမှ ဖျောက်ဖျက်စီးလို့မရတဲ့ အမိဗမာနိုင်ငံရဲ့သွေးတွေကြောင့်ပဲ ။

တကယ်တော့ ကျွန်မဟာ ဟိုမရောက် ဒီမရောက် အလယ်ခေါင်မှာ တစ်နေတဲ့ ၊ ဒေါင်းတောင်တွေပေါက်နေတဲ့ ကျီးတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အဲဒီကျီးဟာ ဘယ်လိုပုံစံပဲဖြစ်နေ ဖြစ်နေ ၊ ဘယ်လို ဘ၀ပဲရောက်ရောက် ၊ ဇစ်မြစ်ကိုမမေ့တတ်တဲ့ ကျီးတကောင်ဖြစ်မယ်ဆိုတာတော့ ကျွန်မတခဲနက်ယုံကြည်နေပါတယ်ဆိုတာ အာဇာနည်နေ့မှာ အမှတ်တရအဖြစ် ရေးမှတ်လိုက်ပါရစေ ။

(၁၈ ဇူလိုင် ၂၀၀၇ ည ၁၁နာရီ ၃၄မိနစ်)

No comments: