Pages

Wednesday, July 18, 2007

ဂျူလိုင်ရဲ့နေ့စွဲများ





ဂျူလိုင်ရဲ့နေ့စွဲများ

19 July

၁၉၄၇ ဂျူလိုင်လ ၁၉ရက်

တဖွဲဖွဲရွာနေတဲ့မိုးက

ကံကြမ္မာဆိုးတစ်ခုကိုပစ်ချသွားတယ်

ဟိုးအဝေးက

ခပ်ရေးရေးလင်းနေတဲ့ရောင်စဉ်

သစ္စာဖောက်တွေလုယက်ယူငင်သွားကြတယ်

မုန်တိုင်းတွေအထပ်ထပ်ကြားမှာ

တခမ်းတနားထုဆစ်ခဲ့တဲ့

အနာဂတ်အတွက်စိတ်ကူးသစ်တွေ

မဝေရခင်မှာ ကြွေခဲ့ရတယ်

အဲဒီ့နေ့မှာ ...

မစဲပဲစွေနေတဲ့မိုး

မျှော်လင့်ခြင်းတွေကို ရိုက်ချိုးသွားတယ်။

7 July

၁၉၆၂ ဂျူလိုင်လ ၇ရက်

မိုးစက်တွေမြေပြင်ပေါ်အကျ

အနီရောင်ပြောင်းသွားကြတယ်

အဖြူရောင်ဆန္ဒတွေကို

သတ္တုကျည်ဖူးတွေနဲ့စီးတား

အဲဒီ့နေ့ဟာ ...

ရက်စက်မှုတွေနဲ့တူးခါးခဲ့တယ်

တရားမျှတမှုတို့ရဲ့အဝေးမှာ

အပြစ်မဲ့သူတို့ရဲ့သွေး

လွတ်မြောက်မှုအတွက်စတေးခဲ့ရတယ်

အဲဒီ့နေ့မှာ ...

ကျောင်းတော်ကြီးလည်းငိုရှိုက်

တက္ကသိုလ်နယ်မြေတစ်ခုလုံး မှောင်မိုက်သွားတယ်။

July

ဂျူလိုင်ရေ ...

မင်းရဲ့စာမျက်နှာတွေပေါ်မှာ

အခါခါရေးမှတ်ခဲ့ရတဲ့

နေ့ဆိုးတို့ရဲ့သမိုင်းကိုချိုးဖျက်

ငါတို့ရဲ့နှလုံးသွေးစက်တွေနဲ့

နေ့စွဲသစ်တစ်ခုကို

ရေးထိုးအဆုံးသတ်ကြမယ်။



No comments: