Pages

Tuesday, July 17, 2007

၁၉-၇-၁၉၄၇

ကမ္ဘာ့ရာဇ၀င် မှတ်တမ်းတင်ရသော ဗမာပြည် ခေါင်းဆောင်များ မသမာယုတ်မာသော သူတို့ လက်နက်ဖြင့်သေရခြင်း။


၁၉-၇-၄၇ နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဗိုလ်ချုပ်၏ခန်းတွင် ၀န်ကြီးများစည်းဝေး နေစဉ် ၊ စပတ်လမ်းမှ အတွင်းဝန်ရုံးသို့ ဂျစ်ကားလေးနှင့် ခင်္သေ့အမှတ်နံပါတ် ၁၂ တပ်ယူနီ ဖောင်း အပြည့်အစုံဝတ်ဆင်ထားသူ ၄ယောက်ဝင်ရောက်လာကြပြီး ၀န်ကြီးအစည်းအဝေးလုပ် နေသည့်ရုံးခန်းအောက်တွင် ထိုးရပ်၍ တယောက်ကား ၊ ကားထဲတွင် စောင့်နေခဲ့လေ၏။


ကျန်သုံးယောက်တို့သည် စတင်းဂန်းနှင့် တော်မီဂန်းများကို ကိုင်ဆောင်ခါ အိနြေ္ဒရရ လှေခါးမှတက်လာကြပြီး ၀န်ကြီးများ အစည်းအဝေးလုပ်နေသော အခန်းဝသို့ ရောက်သောအ ခါ အစောင့်မင်းစေကလေးက အတွင်း၌ ၀န်ကြီးများအစည်းအဝေးရှိနေသဖြင့် မ၀င်ရန်တား မြစ်လေသည်။ထိုသူငယ်အားတွန်းထိုး၍ တံခါးကို ဖွင့်လိုက်ပြီး သေနတ်များကို ၂ ချက်ဆွဲ လိုက်လေသည်။ ဗိုလ်ချုပ် ၊ သခင်တင်မြ ၊ ဦးဘချို ၊ မန်းဘခိုင် ၊ မစ္စတာရာဇတ် ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးအုန်းမောင် ၊ အိုင်စီကက်(စ်)တို့မှာ အတုံးအရုံးလဲနေကြလေသည်။
ဆေးရုံသို့ပို့ခြင်း


သူနာပြုကားများဖြင့် အလောင်းများနှင့် လူနာများကို တင်ဆောင်ယူသွားသည်။ ဆေးရုံတွင် မိုင်းပွန်စော်ဘွားမှတပါး အားလုံးသောဝန်ကြီးများမှာ သေနေတော့၏။ စော်ဘွားကြီးမှာ နောက်တရက်ညနေတွင် သေလေသည်။ အတွင်းဝန် ဦးအုန်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ။ ရန်ကုန်တမြို့လုံး ချောက်ချားခြင်း၊ ဗိုလ်ချုပ်တို့ကို သေနတ်နှင့် ပစ်သည်ဟု ကြားသည် နှင့်တပြိုင်နက် အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားတော့၏ ။ရုပ်ရှင်ရုံများ ၊ ဆိုင်များတို့လည်း ပိတ်ထားကြ၏၊ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း လောလောဆယ်ထုတ်ထားလိုက်လေသည်။

ဗိုလ်ချုပ်အလောင်းကို မြို့လှည့်ပြခြင်း၊ ၂၀-၇-၄၇ ညနေ ၂ နာရီအချိန် ဗိုလ်ချုပ် အလောင်းကို ကန်တော်ကြီးနေအိမ်မှ ဆူးလေဘုရားလမ်း ၊ ဖရေဇာလမ်း ၊ ဘုရားလမ်း မှ ဂျူဘလီဟော သို့ ယူဆောင်သွားရာ လူထုကြီးမှာ လွန်စွာစည်ကား၏။

အသက်ချမ်းသာရသောဝန်ကြီးများ

၁. ပျော်ဘွယ်ဦးမြ ၊ စိုက်ပျိုးရေးဝန်ကြီး။
၂. ဦးဘဂျမ်း ၊ ပြန်လည်ထူထောင်ရေးဝန်ကြီး။
၃. ဦးအောင်ဇံဝေ ၊ ပေါင်းသင်းဆက်ဆံရေးဝန်ကြီး။

ရရှိသောဒဏ်ရာ


လူသတ်သမားတို့ လက်ချက်ကြောင့် ကျဆုံးသွားကြသော နိုင်ငံခေါင်းဆောင်ကြီးများ ရရှိသည့် ဒဏ်ရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁. ဗိုလ်ချုပ်အောင်ဆန်း ၁၃ ချက်
၂. မန်းဘခိုင် ၁၅ ချက်
၃. ဦးဘ၀င်း ၈ ချက်
၎. ဦးရာဇတ် ၆ ချက်
၅. ဦးဘချို ၅ ချက်
၆. ဦးအုန်းမောင် ၅ ချက်
ရ. သခင်မြ ၂ ချက်
၈. မိုင်းပွန်စော်ဘွားကြီး ၂ ချက်
၉. ကိုထွေး ၄ ချက်

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်ထဲက ကောက်နှုတ်ဖော်ပြတာ။ တင်ပြသူကတော့ မောင်ကျော်ရင်ပါ။ အဲ့ဒီခေတ်က အသုံးအနှုန်းတွေ သိစေချင်လို့၊ နောက်ပြီး လှုပ်ရှားမှုပုံရိပ်တွေကို မြင်သာအောင်လို့ ဒီအတိုင်း ဖော်ပြလိုက်တာ၊ ဒီရက်ပိုင်းမှာ နိုင်ငံခေါင်းဆောင် အကြောင်းတွေကို ၁၉-၇-၂၀၀၇ မတိုင်ခင်ထိ ရှာဖွေဖော်ထုတ် တင်ပြမယ်လို့ တွေးထားမိလို့ပါ။ မသိသေးတဲ့ သူတွေအတွက် တွေ့ရှိတာလေးတွေတင်ပေးရင်း သမိုင်းကြောင်းတွေပြန်ဖော်ထုတ်ကြရအောင်…….

No comments: