Pages

Tuesday, July 17, 2007

ရင်မှာကိန်းတဲ့ ရှင်သန်ဆဲအာဇာနည်



အာဇာနည် စိတ်ဓာတ် တွေလောကက ကွယ်ပျောက် နေခဲ့ကြ ပြီလား။ သူတို့ တတွေရဲ့ ခန္မ္ဓာကိုယ်တွေ သေဆုံးခဲ့ပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ် တွေရော .... ပြည်သူများ ကြားမှာ ရှင်သန် နေဆဲလား ..... တကယ် သေဆုံးခဲ့ ကြပြီလား။ သူတို့တွေ အခု ဘယ်မှာ ရှိနေခဲ့ ကြသလဲ။

မကြာခင်ကျရောက်တော့မယ့် အာဇာနည်နေ့ကို သတိ ထားမိချိန်။ ဖွင့်ထားတဲ့ စိတ်ကြိုက် စုစည်းမှု သီချင်း အယ်လ်ဘမ် ထဲက လွင့်ပျံလာတဲ့ ကလေးဘ၀က နှစ်ခြိုက် စွဲလမ်းစွာ ကြည့်ခဲ့ရတဲ့ Lion King ကာတွန်း ဇာတ်လမ်း လေးထဲက He lives in You ဆိုတဲ သီချင်းလေးကို ကြားလိုက် ရတဲ့အခါ ကျွန်တော့် စိတ်အစဉ်ဟာ မိုးဖွဲတွေ ထဲမှာ အတွေး နယ်ချဲ့ နေမိပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီး များဟာ နယ်ချဲ့ရဲ့ ကိုယ်ကျိုးရှိစွာ သွေးဆောင် ဖြားယောင်းမှုကို သိက္မ္ခာနဲ့ သစာရှိစွာ ရှောင်ရှားရင်း ကိုယ်ကျိုးကို ထိခိုက်စေမယ့် နယ်ချဲ့ ဆန့်ကျင် ရေးနဲ့ တိုင်းပြည် လွတ်လပ်ရေး အတွက် ယင်းတို့ရဲ့ ငယ်ရွယ် ပျိုမျစ်မှု၊ ပျော်ရွှင်မှု၊ ဘ၀တက်လမ်း စတာတွေ စွန့်လွှတ်ပြီး ကိုယ်ကျိုးစွန့်အနစ်နာခံ၊ ဆင်းရဲခံရင်း တိုင်းပြည် အတွက် ကျရာ အခန်း ကဏ္ဍ ကနေ စွမ်းစွမ်း တမံ တာဝန် ကျေပွန်စွာ တိုင်းပြည် အကျိုးကို ထမ်းဆောင် သွားခဲ့ကြ ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်၊ ကိုယ်ရည် ကိုယ်သွေးကို သူတို့ကို မတွေ့မမီ လိုက်သူ ယနေ့ခေတ် လူငယ်များ ကပါ ဆက်လက် လေးစား နေခဲ့ကြ ရတာ သူတို့ရဲ့ စိတ်ရင်း စေတနာ မှန်ခဲ့လို့ ဆိုတာ သက်သေ ပြနေတာပါပဲ။ သည် ခေါင်းဆောင်ကြီး များရဲ့ အာဇာနည် စိတ်ဓာတ် တွေလောကက ကွယ်ပျောက် နေခဲ့ကြ ပြီလား။ သူတို့ တတွေရဲ့ ခန္မ္ဓာကိုယ်တွေ သေဆုံးခဲ့ပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ် တွေရော .... ပြည်သူများ ကြားမှာ ရှင်သန် နေဆဲလား ..... တကယ် သေဆုံးခဲ့ ကြပြီလား။ သူတို့တွေ အခု ဘယ်မှာ ရှိနေခဲ့ ကြသလဲ။ ရောက်တတ်ရာရာ စဉ်းစားရင်း သီချင်းကိုလည်း နားထောင်ရင်း ကျွန်တော် Lion King ကာတွန်း ဇာတ်လမ်း လေးထဲက ခြင်္သေ့ သားငယ်လေး တဖြစ်လဲ Simba ရဲ့ ရင်ထဲကို ၀င်ရောက် ခံစား ကြည့်နေ မိပါတယ်။

ခြင်္သေ့သားငယ်လေး တဖြစ်လဲ Simba ရဲ့အဖေ၊ ခြင်္သေ့မင်းကြီး Mufasa ဟာ အရည်အချင်း မဲ့လျက် ထီးနန်း မက်မောသူ ညီရင်း ဖြစ်တဲ့ Scar ရဲ့ ယုတ်မာ ပက်စက် ကောက်ကျစ်တဲ့ အကြံကြောင့် အသတ်ခံ ရပြီး တဲ့အခါ Scar ရဲ့ လက်စွဲတော် များရဲ့ လုပ်ကြံ သတ်ဖြတ်မှု အောက်က သီသီလေး လွတ်မြောက် လာတဲ့ Simba ဟာ ဆွေမဲ့မျိုးမဲ့ ဘ၀နဲ့ တနယ်တကျေးကို ရောက်ရှိကာ မိမိရဲ့ ပင်ကိုယ် မူရင်းဘ၀ကို တတ်နိုင်သမျှ မေ့ဖျောက် ပြီး နေခဲ့ရ ရှာပါတယ်။ သေလွန်သွားသူ ဖခင်ကို လွမ်းဆွတ် နေချိန်မှာ သူ့ဖခင်ရဲ့ ပုရောဟိတ်ကြီး လမ်းညွှန်မှု ကြောင့် သူ့ဖခင်ရဲ့စိတ်ဝိညာဉ်ဟာ သူ့ကိုယ်ထဲမှာ ခြင်္သေ့စိတ်၊ ခြင်္သေ့မာန် အဖြစ် ရှင်သန် နေပြီး သူ့ကိုယ်ထဲမှာ ဖခင်ရဲ့ သွေးများ စီးဆင်းဆဲ ဖြစ်ကြောင်း ပြန်လည် သတိထား မိသွားပြီး သူ့ရဲ့ ရသင့် ရထိုက်တဲ့ ထီးမွေနန်းမွေကို ပြန်လည် ရယူ ပိုင်ဆိုင်ဖို့ အတွက် သူ့ရဲ့ ခြင်္သေ့ တိုင်းပြည်ကို ပြန်လည် ရောက်ရှိဖို့ ခရီးစချိန်မှာ သည်သီချင်းကို တီးခတ် သီဆို ထားတာ ဖြစ်ပါတယ်။

Night And the spirit of Life Calling အစတီးလုံးနဲ့ သည်စာသားဟာ သူ့ရဲ့ ခြင်္သေ့စိတ်မာန်ကို ပြန်လည် နိုးကြွ လာအောင် နှိုးဆွ လိုက်ချိန်မှာ စတင် တီးခတ် သီဆို လိုက်တာ ဖြစ်ပါတယ်။ ပြီးတော့ သည်လို နှိုးဆွ နေရချိန်မှာ ကလေးဘ၀က ရရှိ အမြစ်တွယ် လာ ခဲ့တဲ့ စိတ်ပိုင်း ဆိုင်ရာ ထိခိုက် ဒဏ်ရာများနဲ့ ကျန်ရစ်သူ ခြင်္သေ့ အသိုင်းအ၀ိုင်းရဲ့ သူ့အပေါ်မှာ ရှိနေနိုင်မယ့် အထင်လွဲ နေမှုတို့ကို ရင်ဆိုင်ဖို့ ခွန်အားတို့ကို စိတ်မချ နိုင်တဲ့ သနားစဖွယ် အတွင်းစိတ် တိုက်ပွဲ တို့ကို တွန်းလှန် အောင်မြင် နိုင်ဖို့ အတွက် အားပေး စကားသံ အဖြစ် Tina Turner သည်လို ဆက်လက် သီဆို ထားပါတယ်

Wait!!!There's no mountain too greatHear the words and Have FaithHave Faith

မြန်မာနိုင်ငံ သူ့ကျွန် လက်အောက်က လွတ်မြောက်ဖို့ အာဇာနည် ခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ ချိန်မှာ အလွန်မြင့်မား အန္နရာယ် ကြီးမားတဲ့ အခက်အခဲ တောင်ကြီးများကို ကျော်ဖြတ် ခဲ့ရတာ ဖြစ်ပေမယ့် ယုံကြည် ချက်နဲ့ ကြိုးပမ်းမှုသာ လုံလောက် အောင် ရှိခဲ့ရင် ဘယ်တောင်မှ မကျော်နိုင် လောက်အောင် မမြင့်ဘူး ဆိုတာ သမိုင်းက သက်သေပြ ခဲ့တာကို လွတ်လပ်ရေးရဲ့ အရသာကို ခံစားရင်း ယနေ့ခေတ် လူငယ်များ သိရှိ ခဲ့ကြပြီး ဖြစ်ပါတယ်။ အဓိက အရေးအကြီးဆုံး ကတော့ လှုပ်ရှားမှု အားလုံးကို အောင်မြင်အောင် မောင်းနှင် အားပေး နေတဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆုပ်ကိုင် ထားဖို့ပဲ ဖြစ်ပါတယ်။ သည်လိုဆက်လက် ဆုပ်ကိုင်ရင်း ကြိုးစား နေချိန်မှာ သည်အာဇာနည် ခေါင်းဆောင် ကြီးများရဲ့ စိတ်ဓာတ် ခွန်အား များက ကျွန်တော် တို့ကို စောင့်ရှောက် အားပေး နေပါလိမ့်မယ်။ အမှန်တရား ဆိုတာ အခြေအနေနဲ့ အချိန်အခါ ပေါ်လိုက်ပြီး မှန်ကန်နေရင် အမှန်တရား စစ်စစ် မဖြစ်နိုင်ပါဘူး။ တကယ် စစ်မှန်တဲ့ အမှန်တရားဟာ အမြဲ မှန်ကန် နေရပါ မယ်။ အမြဲမှန်ကန်တဲ့ အမှန်တရားဟာ သစာတရား ဖြစ်လို့ လူက သူ့ကို စောင့်ထိန်းရင် သူကလည်း လူကို ပြန် စောင့်ရှောက် ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ် တိုင်းဟာ ကိုယ့်ရဲ့ စိတ်စေတနာ အရည်အသွေးကို ထင်ဟပ်ပြ နေတာ ဖြစ်လို့ ကိုယ်ကသာ စိတ်စေတနာ အရင်းမှန် သန့်သန့်နဲ့ မှန်ကန်တဲ့ လုပ်ရပ် တွေကို ဖော်ဆောင် နေရင် သည်အာဇာနည် ကြီးများရဲ့ စိတ်ဝိဥာဉ်၊ စိတ်တန်ခိုးဟာ မိမိရဲ့ စိတ်ဝိဥာဉ် ထဲကို ကူးစက် ၀င်ရောက် လာပြီး ဆက်လက် ရှင်သန် နေနိုင် ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ကျေးဇူးရှင်ကြီးများကို ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ဆက်လက် ရှင်သန် နေထိုင်ခွင့် ပေးခဲ့ကြ ဖူးရဲ့လား ဆိုတာကို ဆက်လက်ပြီး တွေးတော စဉ်းစား နေမိပါတယ်။

He watches us overEverything we seeInto the waterInto the truthIn your reflectionsHe lives in You!!!

အာဇာနည်စိတ်ဓာတ်သာ တကယ် ဆက်လက် ရှင်သန် ကြီးထွားခွင့် ရခဲ့ရင် စစ်ပြီးခေတ်က မြန်မာ့ အခြေ အနေကို ပိုမို တိုးတက်အောင် တိုးမြှင့်နိုင် ခဲ့သင့်တယ် လို့ ကျွန်တော် တွေးမြင် မိပါတယ်။ နေရာတိုင်း၊ အချိန် အခါတိုင်းမှာ အရည်အချင်း မဲ့လျက် အာဏာ မက်မောသူ တကိုယ်ကောင်း သမားများက မိမိရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဘယ်သူသေသေ၊ ငတေမာပြီးရော ဆိုပြီး မင်းမူဖို့ ကြိုးစား တတ်တာကို သည် ဇာတ်လမ်း လေးက သတိပေး ဖော်ပြ ထားပါတယ်။ အရေးကြီးတာ ကတော့ အမှန်တရား အတိုင်း ကိုယ့်နေရာ ကိုယ်ပြန် ယူတတ်ဖို့ ပါပဲ။ သည်နေရာမှာ ကိုယ့်နေရာကို အချိန်မီ ပြန်မယူ နိုင်ခဲ့ရင် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တစ်ခုလုံးပါ အမှည့်ကြွေ ကြွေပြီး ဆင်းရဲမှုနဲ့ ကြုံရတတ်တယ် ဆိုတာကို သတိမူမိ သင့်ပါတယ်။ သည်နေရာ မှာ အာဇာနည် စိတ်ဆိုတာ ကိုယ့်နေရာကို မက်မောမှု ကြောင့် မဟုတ်ဘဲ ကိုယ့် အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ အရေးကို ရှေ့တန်းတင် ကြိုးပမ်း အားထုတ်နိုင်မှု အတွက် ကိုယ်ကျိုး စွန့်လွှတ် အနစ်နာ ခံနိုင်တဲ့ စိတ်ကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။ သည်နှစ် အာဇာနည်နေ့မှာ သည်လို စိတ်ရှိခဲ့၊ ကြိုးပမ်း အားထုတ် ခဲ့တဲ့ အာဇာနည် ကြီး များကို ကိုယ် အမူအရာ အားဖြင့် သာမက စိတ်ရင်း ခံစားမှု အပြည့်နဲ့ပါ အလေးပြုရင်း အာဇာနည် စိတ်ဓာတ် များ ပွားများ လာအောင် စိတ်ချင်း အတုယူ သင့်ကြပါတယ်။ ယနေ့ လူငယ်များဟာ အာဇာနည် ခေါင်းဆောင်ကြီး များရဲ့ အာဇာနည် စိတ်ဓာတ်ကို ဆင့်ပွား ယူနိုင်ကြပြီး မိမိရဲ့ စိတ်ဝိညာဉ်ထဲမှာ ဆက်လက် ရှင်သန်ခွင့် ပေးရင်း တိုင်းပြည် တိုးတက်ရေး အတွက် စွမ်းစွမ်းတမံကြိုးစား ကြမယ် ဆိုရင် အာရှမှာ မြန်မာတို့ရဲ့ အရင်က နေရာကို ပြန်လည် ရောက်ရှိကာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု မြင့်မားစွာ နေထိုင် နိုင်ရေးထက် အဓိပ္ပာယ် ပြည့်ဝ တန်ဖိုးရှိသော လူသား ဂုဏ်သိက္မ္ခာ အဆင့်အတန်း မြင့်မားစွာ နေထိုင် နိုင်ရေး အတွက် အားထုတ်ရာ ရောက်ပါ လိမ့်မယ်။ သည်လို လူ့လောကမှာ မြန်မာတို့ရဲ့ လူသား ဂုဏ်သိက္မ္ခာ အဆင့်အတန်း မြင့်မားစွာ တည်ရှိ နေနိုင်ရေး အတွက် ကြိုးစား ကြပါစို့။ အာဇာနည် ကြီးများရဲ့ အာဇာနည် စိတ်ဓာတ်များ ပြန်လည် ရှင်သန် ကြီးထွားခွင့်ကို အာဇာနည်ကြီး များထံ ပေးအပ်ကြပါစို့ ဟုတိုက်တွန်းရင်း အာဇာနည် ခေါင်းဆောင်ကြီး များကို ရင်ထဲက လေးမြတ်စွာ ဦးညွတ် အလေးပြု လိုက်ရ ပါတော့သည်။အမြဲမိုးရွာတဲ့ ၁၉ ဇူလိုင်...အသည်းစွဲပါလို့ တသက်မမေ့နိုင်...


No comments: