Pages

Tuesday, July 24, 2007

ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး

သခင်ကိုယ်တော်မှိုင်း

“သတိမမူ ဂူမမြင်”ဟူသော စကားကဲ့သို့ လောကလူတို့သည် အခြားအခြားသော ကိစ္စကြီးငယ်တို့ကို၊ ဂရုတစိုက်လုံ့လပြု လျက် ရှိကြသော်လည်းထိုထိုသို့သော် ကိစ္စအပေါင်းတို့ထက် အရေးကြီး၍ ယခုလည်းမိမိတို့အားပြုပြင်လျက် နောင်လာ နောင်သား အဓွန့်ရှည်စွာသော သားမြေးမြစ် အစဉ်အဆက် တို့၏ ကောင်းကျိုးမကောင်းကျိုးတို့ကို ပြုပြင်တတ်သည့်အပြင် “ ကမ္ဘာကျေ သော်လည်း ဥဒါန်းမကျေ” ဟူသော စကားကဲ့သို့ နောင်သောရာဇ၀င်မှတ်တမ်း အရပ်ရပ်တို့တွင် ယခုကာလ လူ ဖြစ်ရသော ကျွန်ုပ်တို့ဓာတ်ပုံကြီးသဖွယ် အထိမ်းအမှတ်တခု အဖြစ် ကမ္ဘာအရှည် တွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သောတွေ့ မြင်နိုင်ကြရန်၊ ကျန်ရစ်မည်ဖြစ်သော ခေတ်ကြီး၏အကြောင်းကိုမူကား ကောင်းစွာဂရုမစိုက်နိုင် အမှုမဲ့အမှတ်ဖြင့် နေကြလေသည်၊ သို့သော် ထိုထိုသောကိစ္စကြီးငယ်တို့က ကျွန်ုပ်တို့အား ကြီးမား ခိုင်ခန့်သော အကျိုးကိုပေးနိုင်စွမ်းမည်မဟုတ်။ ခဏခေတ္တတဒင်္ဂမျှသော မျက်မှောက်အကျိုး ကလေးကို ပေးတပ်ချေသည်။ “ခေတ်ကြီး”က မှသာလျှင် ကမ္ဘာအရှည်တည်တံ့ ခိုင်မြဲသော အကျိုးထူး အကျိုးမြတ်တို့ကို ပေးစွမ်းနိုင်သဖြင့် ကျွန်ုပ်တို့သည် ခေတ်ကာလကြီးကို အထိမ်းအမှတ် မရှိ အမှုမဲ့ အမှတ်မဲ့ တက်မကိုင်ကင်းသောလှေ သင်္ဘောကဲ့သို့ ရောက်လိုရာရောက် မျောလိုရာမျော မထားပဲ အရပ်ရပ်သောကိစ္စတို့ထက် အလေးပေးဂရုမူထိုက်ပေသည်။

“ခေတ်” ဟူသော စကားသည် ပညက်သမုတ်အပ်သော အခေါ် ဝေါဟာရအတိုင်းပင် ကမ္ဘာအရှည်တည်တံ့သောအရာမျိုးမဟုတ်၊ ချောင်းမမြစ်ရေသည် တနေရာတွင်ရပ်တန့်မနေပဲအစဉ် သဖြင့် စီးလျှောရွေ့ရှားနေဘိသကဲ့သို့၎င်း၊ အချိန်နာရီသည် အစဉ်ပြောင်းလဲနေဘိသကဲ့သို့၎င်း၊ နှစ် သည် နှစ်သို့ကူးပြောင်းသကဲ့သို့၎င်း၊ အစဉ်သဖြင့် ရွေ့ရှားပြောင်းကြွနေသော အရာဖြစ်ပေသည်၊ လွန်ခဲ့ပြီးသော အတိတ်ကခေတ်များသည် လွန်ခဲ့ပေပြီး။ ယခုလည်း ပစ္စုပ္ပန်ခေတ်ကြီး ကျရောက် လျက်ရှိသည်။ နောင်အခါလည်း အနာဂတ်ခေတ်များလာရောက်ဦး မည်ဖြစ်၍ ကမ္ဘာတည်သမျှ ကာလပတ်လုံး တခေတ်မှတခေတ်သည် ပြောင်းလဲလျက်ရှိချေ မည်။
သို့သော် ကိုယ့်ခေတ်ကိုယ်သာဆိုင်သည်ဟု မှတ်ရသည်။ အချို့တို့မှာ မိမိတို့ခေတ်ကြီး တခုလုံးကို မကောင်းချလျက်ရှေးလွန်လေပြီးသော ခေတ်ဟူသမျှတို့ကို အကောင်းချည်းသာ ထား လျက် ယခုကာလရှေးကလို နေရာမကျပေါင်ကွယ်။ ရှေးကခေတ်များသာ အောက်မေ့ တမ်းတ ညည်းတွားကာ နေတတ်ကြပေသည်။ ထိုသူတို့မှာ ယခုခေတ်ကာလကြီး၏ ကောင်းသောအချက် အလက်တို့ကို သတိမူကြသောသူများ မဟုတ်ကြပေ။ တောင်းတိုင်းကောင်းသည်ဟု ထင်မှတ်ကြ သူများဖြစ်ကြပေသည်။
အချို့တို့မှာကား မိမိတို့ခေတ်ကာလ မော်တော်ကားကလေး စီးရသည်ကိုပင်၊ ရှေးက ထက် အလွန်အကျူးကောင်းလှပေသည် ထင်မှတ်လျက်၊ မိမိတို့ဆင်းသက်ခဲ့ကြသော ဘိုးဘွား မိဘ လက်ထက်ကို အထင်အမြင်သေးသိမ်လျက်ရှိတတ်ကြလေသည်။ ထိုသူတို့ကား မမြင်ဘူး မူးမြစ် ထင် ဆိုသကဲ့သို့သာ ဖြစ်ချေသည်။ မိမိတို့မော်တော်ကားစီးရသော ခေတ်မှသာလျှင် လူဖြစ်ကျိုးနပ် သည်ဟု ထင်နေကြသောသူများအား အမောင်တို့ရှေးခေတ်များမှာ အမောင်တို့လို မော်တော်ကား စီးရခြင်း၊ မီးရထားစီးရခြင်းများကားမရှိ ဟုတ်မှာပါ၏။ သို့သော်အမောင်တို့ ခေတ်တွင် အနော်ရထာ မင်းစော၊ ဟံသာဝတီဆင်ဖြူရှင်များရှင်၊ အလောင်းမင်းတရား၊ ဗန္ဓုလတို့ကဲ့သို့ တိုင်းပြုပြည်ပြု ဘုန်းအားရုန်းအားနှလုံးအားဖြင့် သုံးပါးဗလပြည့်စုံလင်သော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များ ရှိပါ၏လော၊ အစွမ်းအစမျှ ထင်ပါ၏လောဟု မေးမြန်းပါကမရှိကြောင်း ၀န်ခံလျက်ငါတို့ခေတ်မှသာ ခေတ်မဟုတ် ပါတကားဟု တွေးတောမိကြပေလိမ့်မည်။
သို့သော်ဤအရာများကား အကြောင်းအားလျော်ပြဆိုလိုက်ခြင်း ဖြစ်ပေသည်။ စင်စစ် သူ့ခေတ်ကောင်းသည်၊ ငါ့ခေတ်ကောင်းသည်ဟု ငြင်းခုန်မာန်တက်၍ နေရန်မလို။ အထက်က ပြဆို ခဲ့သည့်အတိုင်း ကိုယ့်ခေတ်ကိုယ်နှင့်သာ ဆိုင်သည်ဟု အမှတ်ထားကာ မိမိတို့ခေတ်ကို မိမိတို့ လုံခြုံအောင် စောင့်ရှောက်ကြရန် ဖြစ်ပေသည်။ ရှေးခေတ်များကို အပြစ်အနာရှာ၍ ကဲ့ရဲ့ရှုတ်ချ ပြောရန်မလို၊ ထိုခေတ်များမှာ ကောင်းလျှင်ကောင်းသည့်အလျောက် ဆိုးလျင်ဆိုးသည့်အလျောက်၊ ဤသို့သော အကြောင်းရှိသဖြင့် ဤခေတ်တွင်ဆိုးရလေသည်။ ဤသို့သော အကြောင်းရှိသဖြင့် ဤ ခေတ်တွင်ကောင်းရပေသည်ဟု အကျိုးနှင့်အကြောင်း တိုင်းထွာဆင်ခြင်၍ ရှေးခေတ်များကို အတု ယူနည်းခိုးလျက် မိမိတို့ဆရာအဖြစ်ထားသင့်ပေသည်။
ခေတ်ကာလ၏ အကောင်းအဆိုးမှာ လူတို့၏လက်တွင်းတွင်ဖြစ်ပေသည်။ အိုးထိန်သည် ၏လက်တွင်း ရှိရွံ့စေးကဲ့သို့ ခေတ်ကာလမှာမူ၊ လူတို့၏ပြုပြင်ရာဖြစ်ပေသည်။ လူအပေါင်းတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ အမျှော်အမြင်ဉာဏ်နှင့် သေးကွေးသောအခါများ၌ ခေတ်ညံ့ခေတ်ဆိုးများ ဖြစ် တတ်ပေသည်။ လူတို့ လုံ့လ၊ ၀ိရိယ၊ ဉာဏ်ပညာ ကြီးမားခိုင်ခံသောအခါများတွင် ရွှေမိုးငွေမိုး စွေ ဖြိုးရွာသွန်း အတိုင်းထက်အလွန် ကောင်းမြတ်သော ခေတ်ကြီးများ ဖြစ်လာရကြောင်းကို ရှေး ဟောင်းရာဇ၀င် အစဉ်အလာများ၌ ထင်ရှားတွေ့မြင်ကြရပေသည်။ ယခုခေတ်တွင်ပင်လည်း၊ တိုင်း ကြီးပြည်ကြီး အသီးသီးတို့တွင် မျက်မြင်ဒိဠဖြစ်ပေသည်။ ထို့ကြောင့် ခေတ်ဆိုးနှင့်ခေတ်ကို အပြစ် မဆိုသာ၊ ထိုခေတ်တွင်ရှိသော လူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်း အပ်ပေသည်။
ကျွန်ုပ်တို့မြန်မာပြည် လက်ရှိခေတ်ကာလကြီးကို တွေးတောကြံဆ ရှေ့နောက်တိုင်းထွာ လိုက်သော် များစွာအရေးကြီးနေသော အခါကာလကြီးနှင့် ကြုံကြိုက်လျက် သတိမူမိသူတို့ စိုးရိမ် ကြောင့်ကျဘွယ်ရာဖြစ်၍ နေပေသည်။ ယခုအခါ မြန်မာလူမျိုးတို့မှာ လွန်ခဲ့သောခေတ်ကကဲ့သို့ ဖြစ်သမျှနှင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ၊ ရှေ့သို့တိုးတက်လိုသောစိတ်၊ ကောင်းနိုးရာရာတို့ကို တက် လှမ်းဆွတ်ခူး အသုံးပြုလိုသောဆန္ဒဖြင့် ကာယစိတ္တနှစ်ဠနလုံး၌၊ မငြိမ်သက်ပဲ၊ လှုပ်လှုပ်ရွရွပြောင်း ရွေ့နေသော ကြားခေတ်ကြီးနှင့် ကြုံကြိုက်လျက် ရှိရပေသည်။ ယခုအခြေအနေကိုထောက်ဆ သော် အိုးထိန်းစက်ပေါ်တွင် တင်ထားသော ရွံ့စေးကဲ့သို့ဖြစ်နေပေသည်။ ပုံပန်းသဏ္ဌာန် ကျကျနန မရှိသေး၊ အိုးထိန်းဆရာကြီးလက်က ညံ့လျင်ညံ့သည့်အလျောက်၊ ကောင်းလျင်ကောင်းသည့် အ လျောက် ဖြစ်ရချေသည်။ သို့အတွက် အိုးထိန်းနှင့်တူသော ယခုခေတ်ရှိလူများက ချို့ယွင်းပျက်ပြယ် ခြင်းမရှိပဲ၊ ခိုင်ခန့်လှပသော အိုးသစ်အိုးကောင်းများ ဖြစ်လာရန် အထူးသဖြင့် ညွှန်ပြအားစိုက် သတိဝိရိယကြီးရမည့် အခါကြီး ဖြစ်ပေသည်။
လူကို အစိုးရသည်မှာ စိတ်ပင်ဖြစ်၏။ စိတ်ကို အစိုးရသည်မှာ ပညာပင်ဖြစ်သည်။ ပညာကို အစိုးရသည်မှာ ဗဟုသုတအတတ်ပင် ဖြစ်သည်။ ဗဟုသုတ အကြားအမြင် အတတ်ပညာကိုမူကား ကျမ်းဂန်စာပေက အချုပ်ဖြစ်၏။ ကျမ်းဂန်စာပေသည် အချုပ်ဖြစ်၍ ခေတ်ကိုသော်၎င်း၊ လူကိုသော် ၎င်း၊ ချုပ်ခြယ်လျက် ကောင်းကျိုးမကောင်းကျိုးကို ပေးနိုင်သည်မှာ ရာဇ၀င်တွင် သက်သေသာဓက အထင်အရှားဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် အင်းဝအဆက် နောက်ဆုံး၌ နိမိတ်မင်္ဂလာမရှိသော စာနုစာညံ့များ ထွန်းကားလွန်းသဖြင့် အင်းဝဘုရင် တလိုင်းတို့လက်သို့ပါကာ၊ မြန်မာတပြည်လုံး ထုံးထုံးညက်ညက် ကြေကြရခြင်း။ ပြင်သစ်ပြည်တွင် “ရူစူးဗော်လထိုင်ယာ” တို့၏စာပေများ လှုံ့ ဆော်ချက်ဖြင့် ပြင်သစ်ပြည်အရေးတော်ပုံကြီးဖြစ်၍ ပြင်သစ်နန်းဆက် ပြတ်ဆဲရခြင်း။ ယခုခေတ် ကာလ “ကားလ်မာစ်” ခေါ်ပုဂ္ဂိုလ်ကြီး၏ ရေးသားချက်တို့ဖြင့် ရုရှားပြည်ကြီး ဂျွမ်းထိုးမှောက်ခံရခြင်း။ ဤသို့စသဖြင့် စာပေ၏အင်အားသည် မည် မျှကြီးမားကြောင်းကို တွေ့ရပေသည်။
သို့အတွက် ခေတ်ကာလပြောင်းလဲရေးများတွင် စာပေများကို အထူးစောင့်ရှောက်သင့် ပေသည်။ တည်ငြိမ်သောအခါများ၌ အရေးမကြီးလှုန့်လှုန့်ဝါ၀ါ မငြိမ်မသက်နှင့်လူတို့သည် ဤအရာ ကောင်းနိုးနိုး၊ ထိုအရာကောင်းနိုးနိုးဖြင့် တွေ့သမျှမြင်သမျှတို့ကို လက်လှမ်းဘမ်းဆုတ်နေသည့် အခါကြီးတွင် မသင့်မလျော်သောစာပေများကို ကိုင်တွယ်မိမည်ကို စိုးရိမ်ရပေသည်၊ သို့အတွက် ထိုသို့သောစာပေများကို အုပ်စိုးပပျောက် မပြူမထွက်ဝံ့အောင် လူကိုအကျိုးဖြစ် ထွန်းစေမည့် စာ ကြီးပေကြီးကောင်းမွန်သန့်ပျံ့သော အတတ်ပညာများကို အထူးဂရုပြု၍ စာပေ၀န်ထမ်းကြီးအဖြစ် ဆောင်ရွက်ကြပါမှ သင့်လျော်လျှောက်ပတ်မည်ဖြစ်ကြောင်း။ ။
စာရေးသူ - သခင်ကိုယ်တော်မှိုင်း
ရည်ညွှန်း။ ။ မာ့က်စ်ဝါဒနှင့် တို့ဗမာ (စာမျက်နှာ ၂၄ မှ ၂၉ အထိ)
မှတ်ချက်။ ။ ဤဆောင်းပါးပါအချက်များ၊ စာလုံးပေါင်းများမှာ စာရေးသူ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၏ မူရင်း အချက်အလက်နှင့် စာလုံးပေါင်းများအတိုင်း ဖော်ပြခြင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။



1 comment:

ဒီဝိုင်း said...

သခင်ကိုယ်တော်မှိုင်းရဲ့စကားတွေက အခုခေတ်အထိမှန်နေတုန်းပါလားဗျာ…