Pages

Wednesday, December 26, 2007

၆၆နှစ်မြောက် တပ်မတော်နေ့



သမိုင်း မှတ်တမ်းလေး တစ်ခု ပါပဲ.. ၆၆နှစ်မြောက် တပ်မတော်နေ့ ကို သတိတရ ဂုဏ်ပြု လိုက်တာပါ။ တပ်မတော်ကို စတင် ထူထောင်သူ လူငယ်များဟာ တပ်မတော်သား တစ်ယောက် အဖြစ် ခံယူစဉ်က သူတို့ မျှော်လင့် နိုင်တာက “အိပ်ရန် မြေကြီး စားရန် ကျောက်ခဲ ဒါပဲ ငါတတ်နိုင်တယ်” ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားကို မကြောက်မရွံ လေးစားစွာ လက်ခံပြီး အသက်ကို ရင်းလို့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်မယ် ဆိုတဲ့ စိတ်နဲ့ တပ်မတော်သားရဲ့ ဘ၀ကို လက်ခံ ခဲ့ကြ တာပါ။ အဲဒီခေတ်က တပ်မတော်သား ဆိုတာဟာ တကယ်တော့ အဲဒီအချိန်က အုပ်ချုပ်သူ အင်္ဂလိပ် အစိုးရ အတွက် သူပုန်တွေ ဖြစ်လို့ အချိန်မရွေး အသတ် ခံရနိုင်၊ အသက် အိုးအိမ် စည်းစိမ်တွေ အသိမ်းခံရ နိုင်တာကို သိသိနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ် စွန့်စား ခဲ့ကြတဲ့ လူငယ်တွေပါ။ ဒါပေမယ့် သူတို့ ထဲက တစ်ယောက်ကတော့ လက်မောင်းသွေးဖောက်လို့ သွေးသစာရေ သောက်တဲ့ နေ့က တနေရာကို ရောက်နေခဲ့လို့ မပါဝင်ခဲ့ဘူးလို့ ဆိုကြပါတယ်။ ကျန်တဲ့ သူရဲကောင်း ၂၉ ယောက် တို့ဟာ သာမန်လူ အိပ်မက် မမက်ရဲတဲ့ နေမ၀င် အင်ပါယာ ပိုင်ရှင် နယ်ချဲ့ အင်္ဂလိပ် ကိုရော နေနတ်နွယ် အမည်ခံ ကမ္ဘာ့ အရှေ့တလွှားကို သိမ်းပိုက် လာနေတဲ့ ဂျပန် ဖက်ဆစ် ကိုပါ ၆နှစ် ဆိုတဲ့ အချိန်တို အတွင်း တိုက်ထုတ် အောင်မြင် ခဲ့ကြတယ်။

သူတပါး တိုင်းပြည်ကို မတရား အုပ်စိုး ဗိုလ်ကျတဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ ကို ဖျက်ဆီးတဲ့ ၊ တိုင်းပြည်ရဲ့ သယံဇာတ တွေကို သူတို့ လူမျိုး ကောင်းစားရေး အတွက် သိမ်းယူ ခဲ့တဲ့ အင်္ဂလိပ် ကို တိုင်းပြည် ထဲက မောင်းထုတ်ဖို့ တပ်မတော်ကို ဖွဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ဟာ တပ်မတော်နေ့ စစ်စစ် ဖြစ်ပြီး လွတ်လပ်ရေး လိုချင် နေတဲ့ မြန်မာ တို့ကို ကူညီ ချင်ယောင် ဆောင်ကာ မြန်မာ နိုင်ငံထဲ ခြေကုပ် ၀င်ယူပြီး ရွှေရည်စိမ် လွတ်လပ်ရေး ပေးတဲ့ ဘုန်းကြီးကို ပါးရိုက်၊ မြန်မာ နိုင်ငံသား မိန်းမပျို တွေကို ဖျက်ဆီး စော်ကား၊ တိုင်းပြည်ရဲ့ သယံဇာတကို ကြယ်သီး မချန် လုယူတဲ့ ဖက်ဆစ် ဂျပန်ကို ပြန်လည် တော်လှန်ဖို့ တပ်ထွက် မိန့်ခွန်း ပြောတဲ့ မတ်လ ၂၇ နေ့ဟာ ဖက်ဆစ် တော်လှန်ရေးနေ့ စစ်စစ် ဖြစ်ပါတယ်။

ရဲဘော် သုံးကျိပ်ဝင် သူတို့ရဲ့ စွန့်လွှတ် စွန့်စားစွာ တိုင်းပြည်နဲ့ လူမျိုးကို လွတ်လပ်တဲ့ လူမျိုး ဖြစ်အောင် ကြံဆောင် ခဲ့တာကို ချီးကျူး ဂုဏ်ယူ အလေးပြု ချင်တဲ့ အတွက် ဒီပို့စ်ကို တင်ပါတယ်။

ရဲဘော်သုံးကျိပ် အင်္ဂလိပ် ၀ိုင်းပိတ် တိုက်နှင်ထုတ် ။

မြန်မာသက္ကရာဇ် ၁၃၀၂-ခုနှစ်၊ အင်္ဂလိပ် ၁၉၄၁-ခု၊ ၁၂-လ၊ ၂၆-ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်ရှိ မျိုးချစ် ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏အိမ်တွင် ဘီ၊ အိုင်၊ အေ ခေါ် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကြီးကို စတင် တည်ထောင်ကာ ရဲဘော် ၃-ကျိပ် ၀င်တို့ ကိုယ်တိုင် ဦးစီး ကြပ်မတ်၍ ဗိုလ်လုပ် ပြီး မြန်မာပြည်၌ စိုးမိုး အုပ်ချုပ် မတရား မင်းလုပ် နေသော အင်္ဂလိပ် အစိုးရကို ၀ိုင်းဝန်း တိုက်ခိုက် နှင်ထုတ် ပြီးနောက် ဂျပန် တို့ကိုပါ တော်လှန် တိုက်ခိုက် လျက် ဗမာ ပြည်ကြီး ကိုယ်ပိုင် ရအောင် ပြန်ဆောင် ယူပေး ခဲ့သူများ ဖြစ်လေသည်၊ အကျယ်ကို ရဲဘော် ၃-ကျိပ်ခေါ် ၎င်းင်းတို့ အတ္ထုပ္ပတ္တိ စာအုပ်၌ ရှုပါလေ။



၁-သခင်အောင်ဆန်း (ဗိုလ်တေဇ)။ ၂-သခင်လှဖေ (ဗိုလ်လက်ျာ)။ ၃-သခင်ရှုမောင် (ဗိုလ်နေ၀င်း)။ ၄-ကိုလှမောင်(ဗိုလ်ဇေယျ)။ ၅-ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)။
၆-သခင်လှမြိုင် (ဗိုလ်ရန်အောင်)။ ၇-ကိုရွှေ(ဗိုလ်ကျော်ဇော)။ ၈- သခင်စံလှိုင်(ဗိုလ်အောင်)။
၉-ကိုဆောင်း(ဗိုလ်ထိန်းဝင်း)။ ၁၀-သခင်ထွန်းရွှေ(ဗိုလ်လင်းယုံ)။ ၁၁- သခင်အောင်သိန်း
(ဗိုလ်ရဲထွဋ်)။ ၁၂- သခင်ဗဂျမ်း (ဗိုလ်လရောင်)။ ၁၃- သခင်တင်ဧ(ဗိုလ်ဘုန်းမြင့်)။ ၁၄- သခင်
ထွန်းခင် (ဗိုလ်မြင့်ဆွေ)။ ၁၅- သခင်သန်းတင်။ ၁၆- သခင်ထွန်းအုပ်။ ၁၇- သခင်အောင်သန်း (ဗိုလ်စကြာ)။ ၁၈-သခင်စိုး (ဗိုလ်မြင့်အောင်)။ ၁၉-သခင်စံမြ (ဗိုလ်တောက်ထိန်)။
၂၀-ကိုလှ (ဗိုလ်မင်းရောင်)။ ၂၁- သခင်စောလွင် (ဗိုလ်မင်းခေါင်)။ ၂၂-သခင်ကျော်စိန် (ဗိုလ်မိုးညို)။ ၂၃-သခင်သစ် (ဗိုလ်စောနောင်)။ ၂၄-သခင်မောင်ဦး (ဗိုလ်တရာ)။ ၂၅- သခင်ထွန်းလွင်(ဗိုလ်ဗလ)။ ၂၆- သခင်သန်းညွန့် (ဗိုလ်ဇင်ယော်)။ ၂၇- သခင်အေးမောင် (ဗိုလ်မိုး)။ ၂၈- သခင်မောင်မောင် (ဗိုလ်ညာဏ)။ ၂၉- သခင်ငွေ (ဗိုလ်စောအောင်)။ ၃၀-သခင်သန်းတင်(ဗိုလ်မြဒင်)။

မှတ်ချက်။ ။မြဟန်၏ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်တွင် ဗိုလ်ရဲထွဋ်-ကိုအောင်သိန်း၊
ဗိုလ်သန်းတင်-သခင်သန်းတင်(ကမာရွတ်)၊ ဗိုလ်မင်းရောင်-သခင်လှ၊ ဗိုလ်မြဒင်သခင်သန်း
တင်(အုတ်ဖို) ဟုတွေ့ရသည်။

တစ်ခုတော့ အရဲစွန့်လို့ မေးချင်ပါတယ်။ ခုလက်ရှိ တပ်မတော် သားများရော.. တပ်မတော် ထဲကို ၀င်တာ တိုင်းပြည်နဲ့ လူမျိုးကို ဘ၀နဲ့ အသက်ပါ စွန့်ပြီး ကာကွယ် ချင်လို့လား.. မိမိရဲ့ ဘ၀ တက်လမ်း မြင့်မားဖို့ အတွက်လား.. ကိုယ့်ကိုယ်ကို မေးပြီး ကိုယ့်ကိုယ်ကို မလိမ်ညာ စတမ်း ဖြေစေ ချင်ပါတယ်။ ပြီးတော့ တပ်မတော်ကို ကနဦး ထူထောင် ခဲ့သူ များရဲ့ စိတ်ဓာတ် နဲ့ သူတို့ ထူထောင် ခဲ့တဲ့ တပ်မတော် ထဲမှာ နေရတာ လိပ်ပြာ သန့်သူများ ဖြစ်ကြ ပါစေ။




No comments: