Pages

Thursday, August 2, 2007

သမိုင်းမှာစွန်းခဲ့တဲ့..မော်ကွန်းဝင်နေ့ ရက်တွေ

သြဂတ်(စ) ရောက်လာတော့ သြဂတ်(စ) အကြောင်းတွေ တွေ့  လာရပါတယ်။ အလွမ်းဆိုတာထက် တို့ ခေတ်ရောက်ပြီ လို့  မကြွေးကြော်နိုင်သေးတော့ မော်ကွန်း သတိပေးချက်ဆိုရင်ပိုမှန်ပါလိမ့်မယ်။

၈၈၈၈ ဆိုတဲ့ ပြည်သူတွေ့အသက်ပေါင်းများစွာရင်းပြီးရယူထားတဲ့ နေရာတစ်ခုကြောင့် နှစ်တိုင်းတစ္ဆေလို ခြောက်လှန့် ခံနေရ တဲ့နေ့ တစ်နေ့ ပါ။
.

....
မြန်မာနိုင်ငံမှာ ဒီ သမိုင်းဝင် နေ့  တစ်နေ ဖြစ်တဲ့ ၈၈၈၈ မှတ်တိုင်က၂၀၀၇ မှာ တစ်နှစ် ထပ် တိုးလာခဲ့ပြန်လာပါပြီ။ ပညာရေး၊ ကျန်းမာရေး၊လူမှုရေး အဘက်ဘက်ကဆုတ်ယုတ်မှုများ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု ကြီးမားလာခြင်း၊ အခွင့်အရေးရသူ က ချမ်းသာသထက်ချမ်းသာ..လူနည်းစုက ပြည်တွင်းမှာ ငွေထားစရာ နေရာတောင်မလုံလောက်လို့ ပြည်ပမှာ ပိုင်ဆိုင်မှုတွေတိတ်တဆိတ်ရွေှ့ပြောင်းထား၊ ဖွံ့  ဖြိုးတဲ့နိုင်ငံတွေမှာ အများစုဖြစ်တဲ့ အလယ်အလတ်တန်းစား ဆိုတဲ့ Middle Class က မြန်မာပြည်မှာ တိမ်ကောနေမတတ်ဖြစ်နေခြင်းတွေ ကလွဲလို့  ဘာမှတော့ထူးမလာသေး။

ဘာလိုလို နဲ့ ၁၉ နှစ်တောင်ရှိခဲ့ပြီ။ ဒီ၁၉နှစ်အတွင်း ကို တစ်ဖြေးဖြေးပြန်တွေးကြည့်မိတော့ ကျောင်းသားဘ၀နဲ့ ဖြတ်သန်းခဲ့ရတဲ့ အဲဒိသမိုင်းဝင် အရေးအခင်းကာလ များ က အနှေးရုပ်ရှင်ကားပြကွက်တွေလို ပြန်ပေါ်လာနေသည်။ ကမ္ဘာစစ်ဖြစ်မှသုံးရတဲ့ တင့်ကား အမြှောက်တွေ နဲ့ ရန်ကုန်မြို့ လယ်ခေါင်မှာ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ လူထုကို ဖြိုခွဲခဲ့ပုံတွေကတရေးရေး …..



ဆန္ဒပြတဲ့အချိန်မှာ ဆန္ဒပြတဲ့လူနဲ့ ဘေးကရပ်ကြည့်သူအားပေးသူ ကဆတူမျှရှိခဲ့ပါတယ်။ အားပေးရင်းအားတက်စိတ်ပါလာပြီး လူထုထဲမှာတသားထဲပေါင်းစည်းမိပြီး အင်အားကောင်းသထက်ကောင်းခဲ့ပါတယ်။ ဒီအချက် ကို ကောင်းကောင်းသိတဲ့ စစ်တပ်က ဘေးကရပ်ကြည့်တဲ့လူထု ကိုပါ ဦးစွာဖြိုခွဲပါတယ်။ အဲဒိအချိန်က ဆန္ဒပြ လူထုကို ဖြိုခွဲနည်းက တစ်ချက်ပစ်လိုက်ရင် ကျဉ်ဆံအများတစ်ခါထဲဖွာထွက်တဲ့ သေနတ်တွေလဲ သုံးခဲ့တယ်လို့  မြင်တဲ့လူကပြောပါတယ်။ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့ တော့အဲဒိသေနတ်တွေမမြင်ခဲ့ရပါ။

ဘယ်လို လက်နက်နဲ့ ပစ်ပစ် မှန်ရင်တော့ ကျည်ကာအင်္ကျိမရှိ၊ အကာအကွယ်ဆိုလို့ ခေါင်းမှာစည်းထားတဲ့ ခွပ်ဒေါင်းအလံလေးဘဲရှိတဲ့ ဆန္ဒပြတဲ့သူတွေခမျာ အသက်ဆုံးရှုံးရတာပါဘဲ။ အဲဒိ ပစ်ခတ်ခံရတဲ့ လူတွေကို သေတဲ့သူတွေ၊မသေမရှင်တွေကို ညတွင်းချင်းကောက် ကြံတောမှာ မီးသင်္ဂြိုလ်ပါတယ်။ ကျွန်တော့် အဒေါ်ရဲ့ မိတ်ဆွေ မြန်မာပြည်အလည်ပိုင်းကဆရာဝန်ကြီးတစ်ဦးရဲ့ သားက ရန်ကုန်ဆန္ဒပြပွဲထဲမှာ ပါပါတယ်။ ဖြစ်ချင်တော့သူ ဟာ ကောက်တဲ့အထဲမှာ သေပြီထင်ပြီး အဲဒိကြံတောမီးစက်ကို အပို့ ခံရတဲ့အထဲပါသွားပါတယ်။ ဒါပေမယ့်ကံကောင်းထောက်မစွာဖြင့် အဲဒိမှာ သေကြောင်းနောက်ဆုံးစစ်ပေး ထောက်ခံပေးရတဲ့ ဆရာဝန်တစ်ယောက်က သူ့ ကို လည်း မြင်ရော သူ့ ဆရာဝန်ကြီးရဲ့ သား ဖြစ်နေတာမှန်းလဲမှတ်မိရော လုံးဝ လက်မှတ် မထိုးပေးဘဲ အတင်းပြန်ထုတ်သွားခဲ့ရ ပါတယ်။

ကျွန်တော်ကြုံခဲ့ရတဲ့ ၈၈ မတ်လကတော့ ……………………………………..
မိန်းထဲမှာဟောပြောပွဲတွေက နေ့ စဉ်ရက်ဆက်၊ မိန်းထဲမှအာရ်(စီ)တူးဘက်ချီတက်ရေး၊ မိန်းထဲမှာဘဲဆက်နေပြီး ဆန္ဒဆက်ပြရေးခေါင်းဆောင်တွေက ကျောင်းသားထု ဆန္ဒကောက်ခံ၊ နောက်ဆုံး မိန်းထဲမှ အာရ်စီတူး ဘက်ချီတက်လာသည့် ကျောင်းသားထုရှေ့မှာ သံဆူးကြိုးတွေ အထပ်ထပ်ကာ၊ ဒိုင်းတွေ၊ပြောင်လက်နေတဲ့ ဘက်နက်တွေ၊ ပုခုံးထက်မှ အပွင့်တွေ ပြောင်လက်စွာနှင့် တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ယူထားကြတဲ့ တပ်မတော်သားဆိုသူ တွေ ကစစ်မြေပြင်တစ်ခု လို ဗျူဟာခင်းပြီး IBC အနားမှာ လမ်းပိတ် အသင့်စောင့်နေသည်။ကျောင်းသားထုရဲ့ နောက်ကျော လှည်းတန်း မီးပွိုင့်မှစပြီး သံဆူးကြိုးများ၊ အချုပ်ကားများ တန်းစီပြီး နောက်ဘက်မှာလဲပိတ်လိုက်ပြီ။ ဆိုရရင် စစ်မြေပြင်ကလို အရှေ့အနောက်ပိတ် ပြီး သတ်ကွင်းတစ်ခု ဖန်တီးထားခြင်း….

သေနတ်တွေကြည့်ြ့ပီး ကျောင်းသားထုကလမ်းလျှောက်စကားပြောစက်နဲ့  သတင်းပို့ နေတဲ့ အရာရှိကြီးကို အပြင်းအထန်အော်ပြောသည်။ ဒီလက်နက်တွေက ကျွန်တော်တို့ ကိုသတ်ဖို့ လား၊ ဦးနေ၀င်းကို ကာကွယ်ဖို့ လား၊ တိုင်းပြည်ကို ကာကွယ်ဖို့  လား….လား..လား…..

အဲဒိတပ်မတော်က ဦးနေ၀င်း အင်းလျားကန်ထဲမှာ မိန်းမပျိုလေးတစ်ဦးနဲ့ လှေကလေးကိုလှော်မည်..ဘေးမသန်းဘဲအေးချမ်းတော့မည်..ဆိုတဲ့ သီချင်းကလေးနဲ့  ကြည်နှုးနေတုန်းက အင်းလျားလေးဝန်းကျင်မှာ အင်အား ၇၀၀ လောက်နဲ့  စောင့်ကျပ်ပေးပါတယ် (ဆရာမင်းသိင်္ခ ၈၈၈၈ လူထုသို့ ဟောပြောချက်)။ ၈၈မှာတော့ အဲဒိအင်းလျားကန်ဘေးမှာပဲ သူ တို့ က လက်နက်အင်အားအပြည့် အစုံနဲ့ ပြည်သူ တွေ ရဲ့ ရင်သွေး ကျောင်းသားတွေ ရှေ့မှာ သေနတ်ကိုင်ပြီး စစ်ရေးပြလို့ …

နောက်ဆုံးတော့ ဘာလက်နက်မှမပါဘဲ ညိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသားတွေ ကို သားသတ်သလို နှိမ်နင်းလို့ ကန်ဘောင်ပေါ်ကို အားကိုးတကြီးပြေးတက် ပေမယ့် တံတားဖြူ နားမှာ အလဲလဲအပြိုပြို အရိုက်ခံရ ပြီးခွေလဲကျ၊အားနွဲ့ တဲ့ ကျောင်းသူ တွေ ကို ဆံပင်ကိုဆွဲလည်ပင်းကဆွဲကြိုး လက်က နာရီ တွေဖြုတ်လု၊ ပြီး အချုပ်ကားတွေပေါ် ငါးပိ ငါးချဉ်သိပ်သလို ပြွတ်သိပ်ထိုးကြိတ် အဖမ်းခံရတဲ့ တကသိုလ်ကျောင်းသားတွေရဲ့ ပုံရိပ် ကို ခါးသက်ကြေကွဲစွာပြန်မြင်ယောင်မိနေပါတယ်။

နောက်ဆုံး အာဏာရှင်ကြီး ဦးနေ၀င်း အကျယ်ချုပ်ကျခံနေ ရချိန်တွေမှာတော့ အဲဒိ စစ်တပ်ကဘဲ အဲဒိ အင်းလျားကန်ဘေးမှာ သူတို့ ရဲ့ အရှင်သခင်ဟောင်း ဦးနေ၀င်းကြီးကို ထွက်မပြေးနိုင်အောင်ပြန်လည် စောင့်ကြပ်နေ ခဲ့ရပါတယ်…နောက်တက်လာတဲ့ အာဏာရှင် အသစ်ကြီး အတွက်ပေါ့..ဒါအာဏာရှင်တေခေတ်အဆက်ဆက်ွ ပြည်သူ့  တပ်မတော်ကိုအာဏာကာကွယ်ဖို့  အလွဲသုံးစား မှုပါ။

ကျောင်းသားထုကိုကမ္ဘာစစ်ဖြစ်သလို ပစ်သတ်ရဲတဲ့ လူတွေက သူ့ ဆန်စားရဲ မှ၊ နီးရာဓားကြောက်နေရတယ် ဆိုပေမယ့် စားနေရတဲ့ဆန်က ပြည်သူတွေရဲ နဖူးကချွေးတွေ ဆိုတာတော့ သူတို့ တွေ မေ့နေ ကြပုံရပါတယ်…

နောက်ထပ် ၈၈ တွေထပ်မကြုံဘို့ ကတော့…………………………..

မောင်ရင်
(ဒီပို့ (စ)ကိုwe unite we blog မှာ တင်ထားပြီး ကျွန်တော့်ဆီမှာပြန်တင်ဖြစ်ချင်မှတင်ပါမည်)
Special thanks are due to Ko Nik Nay Man for the photos adapted from his blog (www.niknayman.blogspot.com)


.


No comments: