Pages

Friday, August 17, 2007

ဒို့ တတွေ..မညံ့ဘူး..မိုးတိမ်လွှာကို.ခူးနိုင်မဲ့လူများ.။


ကြိုးတန်းပေါ် လမ်းလျှောက်စဉ်ကာလ
အောက်ကို ငုံမကြည့်လိုက်နဲ့ 
မှန်မှန်သာ..မင်းခြေလှမ်း
တလှမ်းပြီး..တလှမ်း
လျှောက်စမ်းခဲ့စေချင်
အားတင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ရေပြင်ထဲ.ရေကူးစဉ်ခဏ..
နစ်ဖို့ ကို မစဉ်းစားလိုက်နဲ့ 
မှန်မှန်သာလက်တကမ်း
လက်ပစ်ပြီးလှမ်း..
ကူးခတ်ခဲ့စမ်းစေချင်..
ဇွဲရင်းထားကွာ..မင်းလုပ်နိုင်ပါတယ်.။

တောင်စောက်မတ်ကိုတွယ်တက်စဉ်ကာလ..
သံသယမရှိစမ်းနဲ့ 
တက်ခြေလှမ်းသာရဲရဲ
တွယ်ငင်လက်ကိုခိုင်မြဲ.
တလက်မချင်းအပေါ်သို့ ရွှေ့ လျား
အထက်ဖျားတက်စေချင်..
သတ္တိထားကွာ..မင်းလုပ်နိုင်ပါတယ်.။

ပုဆိန်ရိုးရဲ့လက်ချက်
ကိုယ့်အသား ကိုယ်လှီးကာချက်
သူတို့ ရဲ့လက်ချက်နဲ့ စနက်
မျိုးချစ်များရဲ့ ခရီးထွက်မဲ့..အနာဂတ်လှေများ
တစင်းပြီး..တစင်းနစ်မြုပ်နေဆဲကာလ
ပန်းတိုင်ကိုဘယ်ကစကြ..မလည်း
လက်လျှော့ ပန်းပေး..မင်းလူညံ့လေးလုပ်မလား
ပန်းတိုင်ရှေ့ တက်ထောင်..မင်းလူရည်ချွန်လုပ်မလား..မောင်။
စဉ်းစား..စဉ်းစား..မင်းအနာဂတ်..မင်းပိုင်ချင်ခဲ့ရင်

လှေမရှိခိုက်ခဏ..ဆားဒယ်နဲ့ ဘဲခရီးနှင်..
ဘယ်လက်နက်မဆို..သုံးတတ်ရင်.အသုံးဝင်
ဥာဏ်ဝီရိယနဲ့ ထွေခင်း
စွမ်းအားနဲ့  အသက်ရင်း
ပန်းတိုင်ရောက်ဖို့ သာလိုရင်း
ဘယ်လှေနဲ့ ဘဲခင်းခင်း
ဘယ်ရေခင်းသံ..ဘဲ သံပြိုင် ဆိုဆို
တဖြေးဖြေး..ချီစေ..ရှေ့ ကိုတိုး
မညှိုးစေမဲ့..ဂုဏ်ရှိန်တေဇာ
သာကီဝင်မျိုးဟေ့..ဒို့ ဗမာ
ပြခဲ့ကြမည်...ဤမြေကမ္ဘာ
ဒီမိုကရေစီ အောင်ပွဲရဲ့နိဂုံးမှာ..။

မသဒ္ဓါ (၈။၁၇။၂၀၀၇)
အားငယ်ဖို့ မလိုဘူး.၊ စိတ်ပျက်ဖို့ မလိုဘူး။. ပုဂံဆီရောက်ချင်ရင်.မင်းမှန်မှန်သာ.ရွှေ့ ပေးနေ.။တနေ့နေ့ ..ဒို့ အောင်မြင်မှာ..အသေချာ.။

No comments: